မော်လမြိုင် ၊ ဧပြီ ၁
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းလိုက်တယ်လို့ မတ် ၃၀ ရက်နေ့မှာ အသိပေးကြေညာပါတယ်။
စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဦးဆောင်ပြီး လမ်းညွှန်အကောင်အထည်ဖော်နိုင်ဖို့ မဏ္ဍိုင်သုံးရပ်ကို အခြေခံပြီး ဦးဆောင်ကောင်စီကို တရားဝင်ဖွဲ့စည်းလိုက်တာပါ။
မဏ္ဍိုင်သုံးရပ်ထဲမှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များမဏ္ဍိုင်တို့ ဖြစ်ကြပါတယ်။
အဖွဲ့အစည်းအနေနဲ့ NUG နဲ့ CRPH အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ပါဝင်ပါတယ်။
ဒါပေမယ့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက အာရက္ခတပ်တော် AA ၊ ရှမ်းပြည်နယ်က အဖွဲ့တွေ အပါအဝင် မွန်နဲ့ ပအိုဝ်းအဖွဲ့တွေ မပါဝင်ပါဘူး။
ကောင်စီကို ဖွဲ့စည်းတာဟာ တော်လှန်ရေးကို အရှိန်မြှင့်ပြီး အမြန်ဆုံးအောင်ပွဲ ရယူနိုင်ရေးနဲ့ အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
ဦးဆောင်ကောင်စီရဲ့ မျှော်မှန်းချက်နဲ့ မဟာဗျူဟာရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် ဘယ်အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ဖို့ နိုင်ငံရေးအခင်းအကျင်းအသစ်တခုကို စတင်လိုက်တာလို့ ဆိုပါတယ်။
ဒီအတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တရားဝင်မှု၊ ညီညွတ်မှုနဲ့ တာဝန်ယူ၊တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်မှုတို့နဲ့ ဦးဆောင်ညှိနှိုင်း အကောင်အထည်ဖော်သွားမယ်လို့ အသိပေးထားတာပါ။
ရည်မှန်းချက်တွေ အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ဖို့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို ခိုင်မာစွာ ချမှတ်ထားပြီး စစ်အာဏာသိမ်းမှုကို ဖယ်ရှားကာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အပြီးတိုင်အဆုံးသတ်ဖို့ ဖြစ်ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းကာ အဲဒီဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှကိုလည်း တိုက်ဖျက်ဖို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် သက်ဆိုင်သူတွေအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရေးနဲ့ ထွက်ပေါ်လာတဲ့ ဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ရေး ဖြစ်ပါတယ်။
တစ်ဘက်မှာ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ကိုလည်း နိုင်ငံရေးဦးတည်ချက်ထဲမှာ ထည့်သွင်းထားတာပါ။
ဦးဆောင်ကောင်စီအနေနဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့အအခါ အချုပ်အခြာအာဏာကို ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေအကြား မျှဝေသုံးစွဲတဲ့ အချုပ်အခြာအာဏာ (Shared Sovereignty) မူကို ကိုင်စွဲမယ်လို့ ဆိုပါတယ်။
နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေ၊ အမျိုးသမီးအစုအဖွဲ့တွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေ ထင်ဟပ်တဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ ဖော်ဆောင်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကောင်စီဝင်အဖွဲ့အစည်းတွေအနေနဲ့ မတူကွဲပြားမှုတွေအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံကာ မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း – one policy, one strategy ကို ကျင့်သုံးတာပါ။
စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကို ဟန်ချက်ညီညီ ပူးတွဲဖော်ဆောင်ပြီး ပိုမိုကျယ်ပြန်တဲ့ နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ်အင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိုင်းကာ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

