ဝါရှင်တန်၊ မတ် ၃၁

ဆော်ဒီအာရေးဗီးယားနဲ့ ယူအေအီးတို့ ဦးဆောင်တဲ့ အမေရိကန်ရဲ့ ပင်လယ်ကွေ့ မဟာမိတ်တွေက အီရန်ကို ဆက်ပြီး ဖိတိုက်ဖို့ သမ္မတ ဒေါ်နယ် ထရန့်အား တိုက်တွန်းထားကြောင်း အမေရိကန်၊ ပင်လယ်ကွေ့နဲ့ အစ္စရေး အရာရှိတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမေရိကန် ဦးဆောင်တဲ့ လနဲ့ချီ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အီရန်ဟာ လုံလောက်တဲ့ အတိုင်းအတာအထိ အားမနည်းသွားသေးဘူးလို့ အမေရိကန်ရဲ့ ပင်လယ်ကွေ့ မဟာမိတ်တွေက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်တော့မယ်ဆိုတာကို ကြိုတင် အသိမပေးခဲ့တဲ့အတွက် စစ်ပွဲ အစပိုင်းမှာ စောဒက တက်ခဲ့ကြပြီးနောက် စစ်ပွဲ ဖြစ်ရင် ဒေသ တစ်ခုလုံး နောက်ဆက်တွဲ ဆိုးကျိုးတွေ ပြင်းထန်လိမ့်မယ်ဆိုတဲ့ မိမိတို့ သတိပေးချက်ကို အမေရိကန်က လျစ်လျူရှုခဲ့တယ်လို့ ပင်လယ်ကွေ့ မဟာမိတ်တွေက ပြောဆိုခဲ့ကြပါတယ်။

အခုအချိန်မှာတော့ အီရန်ရဲ့ ဘာသာရေး ခေါင်းဆောင် အုပ်ချုပ်တဲ့ စနစ် ချုပ်ငြိမ်းသွားအောင် တစ်ခါတည်းနဲ့ အမြဲတမ်းအတွက် လုပ်ဆောင်ဖို့ သမိုင်းဝင် အခွင့်အရေးနဲ့ ကြုံကြိုက်နေပြီ ဖြစ်ကြောင်း ပင်လယ်ကွေ့ မဟာမိတ် တချို့က အိမ်ဖြူတော်ကို ပြောဆိုထားတာပါ။

ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကူဝိတ်၊ ဘာရိန်း အရာရှိတွေက သူတို့အနေနဲ့ အီရန်ခေါင်းဆောင်ပိုင်း သိသိသာသာ မပြောင်းလဲခင်အထိ၊ အီရန်ရဲ့ အပြုအမူတွေ မပြောင်းလဲ သေးခင်အထိ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို မရပ်တန့်စေလိုဘူးလို့ ထရန့်ကို သီးသန့် တိုက်တွန်း ပြောဆိုထားကြောင်း သိရပါတယ်။

အီရန် ခေါင်းဆောင်ပိုင်းက သဘောတူညီမှု မရယူဘူးဆိုရင် စစ်ပွဲကို ဆက်လက် အရှိန်မြှင့်သွားမှာ ဖြစ်ကြောင်း ထရန့်က ခြိမ်းခြောက်ထားချိန်မှာ ပင်လယ်ကွေ့ မဟာမိတ်တွေက အခုလို တိုက်တွန်းပြောဆိုမှု ထွက်ပေါ်လာတာပါ။

အရှေ့အလယ်ပိုင်းဒေသတဝှမ်း လူ ၃၀၀၀ ကျော် သေဆုံးပြီး ကမ္ဘာ့စီးပွားရေးကိုကမောက်ကမ ဖြစ်စေခဲ့တဲ့ အီရန်ကို တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထရန့်အနေနဲ့ ပြည်တွင်းမှာ ထောက်ခံမှု အားနည်းနေပါတယ်။

ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ကူဝိတ်နဲ့ ဘာရိန်းတို့က အားကောင်းကောင်းနဲ့ ပြန်လည် တိုက်ခိုက်နေကြောင်းနဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို အရှေ့အလယ်ပိုင်း မဟာမိတ်တွေက အခိုင်အမာ ထောက်ခံကြောင်း ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။

ပင်လယ်ကွေ့ နိုင်ငံတွေဟာ အမေရိကန် စစ်အခြေစိုက် စခန်းတွေကို လက်ခံထားပေမယ့် အီရန်ကို တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်မှု မရှိပါဘူး။

အမေရိကန်က အဲဒီ ပင်လယ်ကွေ့စစ်အခြေစိုက်စခန်းတွေကနေ အီရန်ကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အဓိကအားဖြင့် ဆော်ဒီအာရေးဗီးယားနဲ့ ယူအေအီးတို့က အီရန်အပေါ် စစ်ရေးအရ ဖိအားပိုပေးရေး အမေရိကန်ကို တိုက်တွန်းထားကြောင်း အရှေ့အလယ်ပိုင်း သံတမန် တစ်ဦးက ပြောဆိုပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.