ဝါရှင်တန်၊ မတ် ၃၁

အမေရိကန် စစ်တပ်ရဲ့ ထိပ်တန်း အမှတ် ၈၂ လေကြောင်း တပ်ဖွဲ့ရဲ့ စစ်သား ထောင်ပေါင်းများစွာဟာ အရှေ့အလယ်ပိုင်း ဒေသသို့ စတင်ရောက်ရှိလာနေပြီ ဖြစ်ကြောင်း အမေရိကန် အရာရှိနှစ်ဦးက ရိုက်တာ သတင်းဌာနသို့ မတ် ၃၀ ရက်မှာ ပြောပါတယ်။

အီရန်ကို တိုက်ခိုက်နေတဲ့ စစ်ပွဲအတွင်း သမ္မတ ဒေါ်နယ် ထရန့်က နောက်တဆင့်အတွက် ချိန်ထိုး စဉ်းစားနေချိန်မှာ အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားလိုက်တာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသသို့ နောက်ထပ် အမေရိကန် တပ်ဖွဲ့ဝင် ထောင်ချီ ချထားရေး ထရန့် အစိုးရက မတ် ၁၈ ရက်ကတည်းက စဉ်းစားနေတာ ဖြစ်ပြီး အီရန် နယ်နိမိတ်အတွင်း တပ်ဖွဲ့ဝင်တွေ ချထားမယ့် အစီအစဉ်လည်း ပါဝင်နေပါတယ်။

မြောက်ကယ်ရိုလိုင်းနား ဖို့သ် ဘရက်ဂ် စခန်းက လေထီးခုန် စစ်သားတွေဟာ အရှေ့အလယ်ပိုင်း ဒေသသို့ ရောက်နှင့်ပြီး ဖြစ်တဲ့ မရိန်း တပ်ဖွဲ့ဝင်တွေ အထူး စစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေ ရေတပ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က အရှေ့အလယ်ပိုင်း ဒေသဆီ မရိန်း တပ်ဖွဲ့ဝင် ၂၅၀၀ ထပ်မံ ရောက်ရှိလာခဲ့တာပါ။

အဲဒီ စစ်သားတွေ ချထားမယ့် နေရာနဲ့ ပတ်သက်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေက အသေအချာ ပြောထားတာ မရှိပါဘူး။

အီရန်သို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ရေး ဆုံးဖြတ်ချက် မချရသေးပေမယ့် ဒေသတွင်း အနာဂတ် စစ်ဆင်ရေးတွေအတွက် အင်အား ကြိုတင် တည်ဆောက်ထားတဲ့အနေနဲ့ အမေရိကန်က တပ်ဖွဲ့ဝင်တွေ အင်အားဖြည့်ထားတာ ဖြစ်ပါတယ်။

အီရန် စစ်ပွဲအတွင်း အီရန်ရဲ့ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းရဲ့ စုရပ် ခါ့ခ်ကျွန်းကို သိမ်းပိုက်ရေး ကြိုးပမ်းမှုအပါအဝင် အဲဒီ စစ်သားတွေကို ရည်ရွယ်ချက် အမျိုးမျိုးအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ ကျွန်းကို သိမ်းပိုက်ရေး ထရန့် အစိုးရ အဖွဲ့တွင်း ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ရိုက်တာ သတင်းဌာနက အခုလ စောစောပိုင်းကတည်းက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ခါ့ခ်ကျွန်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှုဟာ အန္တရာယ်များမှာ ဖြစ်ပြီး အီရန်က အဲဒီ ကျွန်းကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်လာနိုင်ပါတယ်။

သန့်စင်မှု မြင့်မားတဲ့ ယူရေနီယံတွေကို ထုတ်ယူရေး အီရန်နိုင်ငံထဲသို့ အမေရိကန် မြေပြင်တပ်တွေ စေလွှတ်ဖို့ ထရန့် အစိုးရက ဆွေးနွေးထားကြောင်း ရိုက်တာသတင်းမှာ အရင်က ဖော်ပြခဲ့ပါတယ်။

မြေအောက်ထဲမှာ သိုဝှက်သိမ်းဆည်းထားတဲ့ ယူရေနီယံတွေကို ရယူမယ်ဆိုရင် အမေရိကန် တပ်ဖွဲ့တွေအနေနဲ့ အီရန်နိုင်ငံ အတွင်းနက်နက်ထဲအထိ ဝင်ရောက်ပြီး အချိန်ကြာမြင့်စွာ ကြိုးပမ်းရဖို့ ရှိနေပါတယ်။

ထရန့် အစိုးရက ဟောမု့ဇ် ရေလက်ကြားကို ရေနံတင် သင်္ဘောတွေ အန္တရာယ်ကင်းကင်း ဖြတ်သန်းနိုင်ရေး အီရန်နိုင်ငံထဲမှာ အမေရိကန် တပ်ဖွဲ့တွေ ချထားဖို့လည်း ဆွေးနွေးထား ပါတယ်။

အဲဒီလို စစ်ဆင်ရေးမျိုးကို လေကြောင်းနဲ့ရေကြောင်း တပ်တွေက အဓိက လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် အီရန်ရဲ့ ကမ်းရိုးတန်းမှာ အမေရိကန် မြေပြင်တပ်တွေ ချထားဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။

အီရန်အနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို ပြန်မဖွင့်ပေးရင် အီရန် ရေနံတွင်းတွေနဲ့ ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ ထရန့်က မတ် ၃၀ ရက်မှာခြိမ်းခြောက်ထားပါတယ်။

အကန့်အသတ်ရှိတဲ့ စစ်ဆင်ရေး တစ်ခုအတွက် သုံးမယ်ဆိုရင်တောင် အမေရိကန် မြေပြင် တပ်တွေ ချထားမယ်ဆိုရင် ထရန့်အတွက် နိုင်ငံရေးအရ သိသာတဲ့ အန္တရာယ်ရှိလာနိုင်ပါတယ်။

အမေရိကန် ပြည်သူတွေက အီရန်အပေါ် တိုက်ခိုက်မှုကို ထောက်ခံမှု နည်းပါးပြီး ထရန့် ကိုယ်တိုင်က ရွေးကောက်ပွဲ မတိုင်ခင်က အရှေ့အလယ်ပိုင်း စစ်ပွဲတွေအတွင်း အမေရိကန် ဝင်ပါမှုကို ရှောင်ရှားပါ့မယ်လို့ ကတိပေးထားခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ရက်က စတင်တိုက်ခိုက်ပြီး နောက်ပိုင်း အမေရိကန်က အီရန်ရှိ ပစ်မှတ် ၁၁၀၀၀ ကို တိုက်ခိုက်ခဲ့ ပါတယ်။

အီရန် စစ်ဆင်ရေးအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်မှုထမ်း ၁၃ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.