မြဝတီ၊ ဧပြီ ၁
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ဖြစ်တဲ့ ဖလူး- မင်းလက်ပံဒေသမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တာတွေ အပြင်းအထန် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဖလူး – မင်းလက်ပံနယ်မြေတွေမှာ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းကစလို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကော်မရှင်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီး ဒရုန်းတွေနဲ့ ပစ်ခတ်နေတယ်လို့ ဖလူးဒေသခံတစ်ဦးက ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်နားက ဝေါ်လေဗျူဟာစခန်းမှာလည်း မတ်လ ၃၀ ရက်နေ့ ညကစလို့ တော်လှန်ရေးအင်အားစုနဲ့ စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ မတ်လ ၃၁ ရက်နေ့အထိ တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်နေပြီး စခန်းမကျရေးအတွက် စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ လာရောက်ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်ခြမ်းမှာ တစ်ခုတည်းသာ ကျန်ရှိတော့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ဝေါ်လေဗျူဟာစခန်းကို KNLA တပ်မဟာ ၆ ရဲ့ စစ်ရေးဦးဆောင်မှုနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက မနှစ် ဇူလိုင်လက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနှစ် မတ်လကုန်မှာ နှစ်ဖက်စစ်ရေးပြန်လည်ပြင်းထန်လာခဲ့တာပါ။
ဖလူး ဝေါ်လေမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းပစ်ကူပေးနေသလို KNU တပ်မဟာ ၆ နယ်မြေထဲက တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတချို့မှာလည်း စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး ထိခိုက်မှုတော့ မသိရသေးဘူးလို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
မတ်လ ၃၀ ရက်နေ့ကလည်း KNU တပ်မဟာ ၆ ကော့ကရိတ်မြို့တောင်ပိုင်း ရွာသစ်သာယာကုန်းကျေးရွာကိုလည်း စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့ရာ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေအပေါ် စစ်ကော်မရှင်တပ်က ပစ်မှတ်ထားပြီး တိုက်ခိုက်နေသလို ကော့ကရိတ်မြောက်ပိုင်းဒေသတွေမှာလည်း စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲ မကြာခဏ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်က ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး မတ်လ ၂၆ ရက်နေ့က စစ်ကော်မရှင်တပ် ဗုံးကြဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အရပ်ဖက်အဖွဲ့ KPSN ရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

