နေပြည်တော်၊ မတ် ၃၁
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေကို မဲရလဒ် အပြတ်အသတ်နဲ့ အနိုင်ရပြီး ပြည်သူ့လွှတ်တော်က ရွေးချယ်တဲ့ ဒုသမ္မတ ဖြစ်လာခဲ့တာပါ။
ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရသူ နှစ်ဦးရဲ့ မဲခွဲဆုံးဖြတ်မှု ရလဒ်အရ စစ်ခေါင်းဆောင်က ထောက်ခံမဲ၂၄၇ မဲ ၊ ဒေါက်တာကျော်ဆွေက ထောက်ခံမဲ ၁၀ မဲ ၊ ပယ်မဲ ၃ မဲ ဖြစ်ပါတယ်။
သမ္မတဖြစ်ချင်တဲ့ အာသီသကြောင့် နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်ကို မနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ရဲ့ ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဒီကနေ့ ကျင်းပတဲ့ အမျိုးသာလွှတ်တော် အစည်းအဝေးမှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒေါ်နန်းနီနီအေးဟာ ဒေါက်တာ မနမ်တူးဂျာကို မဲရလဒ်နဲ့ အပြတ်အသတ်နဲ့ အနိုင်ရပြီး အမျိုးသားလွှတ်တော်က ရွေးချယ်တဲ့ ဒုသမ္မတ ဖြစ်လာခဲ့တာပါ။
ဒုသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်နန်းနီနီအေးဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီး ဒုသမ္မတ တစ်ဦးလည်း ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်က ရွေးချယ်တဲ့ ဒုသမ္မတ၊ အမျိုးသားလွှတ်တော်က ရွေးချယ်တဲ့ ဒုသမ္မတနဲ့ တပ်မတော်က ပေးပို့မယ့် ဒုသမ္မတ တစ်ဦးတို့ဟာ လာမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သမ္မတ၊ ဒုသမ္မတ ၁၊ ဒုသမ္မတ ၂ အဖြစ် ရွေးချယ်ခံရဖို့ ရှိနေပါတယ်။
စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ စစ်ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသာ သမ္မတအဖြစ် ရွေးချယ်ခံရဖို့ သေချာသလောက် ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

