ဘန်ကောက်၊ မတ် ၃၁

ပြီးခဲ့တဲ့ မတ် ၃၀ ရက် ညမှာ ဆီလောင်စာ ရန်ပုံငွေရုံးက လောင်စာ ထောက်ပံ့ကြေးတွေ ပေးမယ်လို့ နောက်ဆုံး ကြေညာခဲ့ပြီးနောက် ထိုင်းမှာ ဒီဇယ်နဲ့ ဓာတ်ဆီဈေး မတ်လ ၃၁ ရက်က စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။

ဒေသစံတော်ချိန် မနက် ၅နာရီကစပြီး ဒီဇယ် ၁ လီတာ ဈေးနှုန်း ၁ ဒသမ ၈၀ ဘတ်မြင့်တက်ခဲ့ပြီး ဓာတ်ဆီဈေး ၁ လီတာကို ၁ ဘတ်မြင့်တက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ စက်သုံးဆီ အမျိုးအစားအားလုံး မတ် ၃၁ ရက် မနက် စောစောပိုင်းက စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက PTT ဆီဆိုင်တွေရဲ့ ဈေးနှုန်းတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

မြန်နှုန်းမြင့် ဒီဇယ် ၁ လီတာအတွက် ထောက်ပံ့ကြေးကို ၁၆ ဒသမ ၆၇ ဘတ်ကနေ ၁၈ ဒသမ ၇၆ ဘတ်သို့ တိုးပေးသွားမှာ ဖြစ်ကြောင်း ဆီလောင်စာ ထောက်ပံ့ရေးရုံးက မတ် ၃၀ ရက် ညပိုင်းက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ကလည်း ထိုင်းမှာ ဒီဇယ်နဲ့ ဓတ်ဆီဈေးနှုန်း အရင်ကထက် စံချိန်တင် ဈေးမြင့်တက်ခဲ့ပါတယ်။

ပါရှား ပင်လယ်ကွေ့မှာ ထောင်နဲ့ချီတဲ့ ကုန်တင်သင်္ဘောတွေ ပိတ်မိနေပြီး ဟောမု့ဇ် ရေလက်ကြားကို ဖြတ်ပြီး အာရေဗျ ပင်လယ်ထဲ ဖြတ်သန်း ဝင်ရောက်လို့မရ ဖြစ်နေတာကြောင့် ကမ္ဘာ့ ရေနံဈေး မြင့်တက်နေပါတယ်။

ထိုင်းအစိုးရက ထိုင်းရေနံတင်သင်္ဘောတွေ ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းနိုင်ရေး အီရန်နဲ့ သဘောတူညီမှု ရယူထားတယ်လို့ ဆိုပါတယ်။

သင်္ကြန် အားလပ်ရက်ကာလ နီးကပ်လာချိန်မှာ လောင်စာ အလုံအလောက် ထောက်ပံ့နိုင်ကြောင်း အစိုးရက အတည်ပြုထားပေမယ့် တချို့ဒေသတွေမှာ စိုးရိမ်တကြီး ဝယ်ယူမှုတွေ၊ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

အရှေ့အလယ်ပိုင်းက မဟုတ်ဘဲ တခြားနိုင်ငံတွေက လောင်စာဆီ ဝယ်ယူရေးအတွက်လည်း ထိုင်း အစိုးရက သံတမန်ရေးအရ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အီရန် စစ်ပွဲကြောင့် ထိုင်းအပါအဝင် အာရှနိုင်ငံတွေမှာ လောင်စာဆီ ပြတ်လပ်နိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.