မော်လမြိုင် ၊ ဧပြီ ၁

တိုင်းပြည်ရဲ့ အရင်းခံပြဿနာတွေ ဖြေရှင်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက် ၉ ချက်ကို နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ PCB က အသိပေးလာပါတယ်။

ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ PCB က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်း‌ရေးဆိုင်ရာ သဘောထားကို မတ် ၃၁ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာတာပါ။

အနှစ်သာရရှိပြီး စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်စေဖို့ သက်ဆိုင်တဲ့ အင်အားစုတွေအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ လုပ်ဆောင်ရမယ့် အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး PCB ရဲ့ သဘောထားဆန္ဒတွေကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

အဲဒီထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရေးနဲ့ အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို သက်ဆိုင်တဲ့ အစုအဖွဲ့တွေအားလုံးက အာမခံဖို့ ဖြစ်ပါတယ်။

လူငယ်တွေကိုလည်း သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးက အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းနဲ့ စစ်မှုထမ်းစေခြင်းတွေ မပြုလုပ်ဖို့ အပါအဝင် အရပ်သားတွေ သေကြေထိခိုက်စေမယ့် စစ်ရေးဆောင်ရွက်ချက်တွေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်တာ ရှောင်ရှားဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် CDM တွေနဲ့ အရပ်ဘက်ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ မလုပ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ အသက်မွေးဝမ်းကျောင်းခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်ကို တားမြစ်ပိတ်ပင်မှုတွေ မလုပ်ပြုဖို့ကိုလည်း ထည့်သွင်းထားတာပါ။

တစ်ဘက်မှာ စစ်ဘေးသင့်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး၊ ကုစားပေးရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရေးနဲ့ တရားမျှတမှုတွေ ဖော်ဆောင်‌ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ပြည်ပကို ရောက်ရှိနေကြတဲ့ အင်အားစုတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ ဌာနကို ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရောက်ရှိနိုင်ရေး အခင်းအကျင်းကို ဖော်ဆောင်ဖို့နဲ့ တိုင်းပြည်ရဲ့ အရင်းခံပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စုကို ဦးတည်တဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေး ကြိုးပမ်းကြဖို့ ဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ကိုလည်း PCB ရဲ့ သဘောထားဆန္ဒအဖြစ် တောင်းဆိုထားတာပါ။

နိုင်ငံအတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် နိုင်ငံသားအားလုံးရဲ့ မူလအခွင့်အရေးတွေ နိုင်ငံသားအခွင့်အရေးတွေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို သက်ဆိုင်သူတွေအားလုံးက အာမခံဖို့ တာဝန်ရှိတယ်လို့ PCB က ထောက်ပြပါတယ်။

ဒါကြောင့် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး အဲဒီဥပဒေနဲ့အညီ နိုင်ငံကို တည်ဆောက်ခြင်းအားနဲ့သာ တိုင်းပြည်ရဲ့ အရင်းခံပြဿနာနဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့ PCB အစုအဖွဲ့အနေနဲ့ ယုံကြည်တာပါ။

နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ PCB ကို မူဝါဒတူညီတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်ကတည်းက စတင်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြကာ အခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စုဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

PCB အစုအဖွဲ့ထဲမှာတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ဥက္ကဋ္ဌ စိုင်းညွန့်လွင်နဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဦးသာထွန်းလှ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးတို့ ဦးဆောင်တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.