တန့်ဆည်၊ မတ် ၃၁
စစ်ကိုင်းတိုင်း တန့်ဆည်အချုပ်ထောင်မှာ ဆေးဝါးကုသခွင့်မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသူ တစ်ဦး ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM ထံက သိရပါတယ်။
တန့်ဆည်အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၅၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်သက်သက်မာဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် မနက် ၅ နာရီအချိန်ခန့်မှာ ဆေးဝါးကုသခွင့်မရရှိတာကြောင့် အချုပ်ခန်းအတွင်းမှာပဲ သေဆုံးခဲ့တာပါ။
ဒေါ်သက်သက်မာဟာ သွေးလေးဘက်နာရောဂါ ပြင်းထန်စွာ ခံစားနေရပေမယ့် အချုပ်ထောင်အာဏာပိုင်တွေက ပြင်ပဆေးရုံမှာ တက်ရောက်ကုသခွင့်ကို လုံးဝငြင်းဆန်ခဲ့တာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့တာလို့ PPNM က ဆိုပါတယ်။
သေဆုံးချိန်ဟာ မနက်စောပိုင်းက ဖြစ်ပေမယ့် မနက် ၉ နာရီလောက်မှာသာ မိသားစုထံ အကြောင်းကြားခဲ့ပြီး ရုပ်အလောင်းကိုလည်း မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိတာဟာ အကျဉ်းသားအခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို အဆုံးစွန်ထိ စော်ကားနေတာ ဖြစ်ပါတယ်။
ဒေါ်သက်သက်မာဟာ ရွှေဘိုခရိုင်ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူရဲ့ ဇနီးဖြစ်ပြီး ရှာဖွေစစ်ဆေးချိန် ဘာတစ်ခုမှ မတွေ့တာကြောင့် သားဖြစ်သူနဲ့အတူ ဓားစာခံအဖြစ် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဖြစ်ပါတယ်။
အဲဒီနောက် စစ်ကော်မရှင်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည)နဲ့ ၅၂ (က) တို့နဲ့ မတရားစွဲချက်တင်ကာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရပါတယ်။
တစ်ဖက်မှာလည်း တန့်ဆည်အချုပ်ထောင်ကနေ ရွှေဘိုအကျဉ်းထောင်ကို အကျဉ်းသားပြောင်းရွှေဖို့အတွက် လမ်းခရီးမှာ ကြားဖြတ်တိုက်ခိုက်တာ၊ လုယက်ခံရမှာ စိုးရိမ်တာကြောင့် အကျဉ်းဦးစီးဝန်ထမ်းတွေက ထောင်မပြောင်ရွှေ့ဘဲ တန့်ဆည်အချုပ်ထောင်မှာပဲ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အခုလို အကျဉ်းသားအခွင့်အရေးချိုးဖောက်မှု၊ ဆေးကုသခွင့် ပိတ်ပင်မှုတွေနဲ့ ဓားစာခံအဖြစ် ဖမ်းဆီးမှုတွေကို ပြင်းထန်စွာ ရှုတ်ချပြီး တရားမျှတမှု ရရှိဖို့နဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာအနေနဲ့ အလေးထား စောင့်ကြည့်ပေးဖို့ PPNM က တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

