နေပြည်တော်၊ မတ် ၃၁

အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်တဲ့ ဦးညိုစောကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ ရွေးချယ်ရေးအစည်းအဝေးကို ဒီကနေ့ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက နေပြည်တော် စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမမှာ ကျင်းပခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ အဆိုပြုခံရတဲ့ လက်ရှိ စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဦးညိုစောကို ကန့်ကွက်သူမရှိ ရွေးချယ်တင်မြှောက်လိုက်တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒုသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဦးညိုစောဟာ စစ်ကော်မရှင် ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ တပ်နယ်မြေဖြစ်တဲ့ ကိုကိုးကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာပါ။

အလားတူ ဒီကနေ့မှာပဲ ပြည်သူ့လွှတ်တော်ရဲ့ ဒုသမ္မတအဖြစ် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော် ဒုသမ္မတအဖြစ် ဒေါ်နန်းနီနီအေးတို့ ရွေးချယ်ခံခဲ့ရပါတယ်။

ရွေးချယ်ခံရတဲ့ အဲဒီဒုသမ္မတ သုံးဦးဟာ လာမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သမ္မတ၊ ဒုသမ္မတ ၁၊ ဒုသမ္မတ ၂ အဖြစ် ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.