ဝါရှင်တန်၊ မတ် ၂၈
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ တတိယမြောက် လေယာဉ်တင် သင်္ဘော စေလွှတ်မှုအဖြစ် အီရန်အနီးသို့ ယူအက်စ်အက်စ် အိတ်ချ် ဒဗလျူ ဘွတ်ချ်ကို သမ္မတ ဒေါ်နယ် ထရန့်က စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ အီရန်ရှိ ပစ်မှတ် ၃၅၀၀ လောက်ကိုပဲ တိုက်ခိုက်စရာ ကျန်တော့တယ်လို့ ထရန့်က ပြောထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသသို့ ရောက်သွားတာနဲ့ အဲဒီ လေယာဉ်တင် သင်္ဘောဟာ အီရန်ကို တိုက်ခိုက်နေတဲ့ လက်ရှိ စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်သွားနိုင်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
အမေရိကန်က အဲဒီ ဒေသတွင်းမှာ စစ်အင်အား အများအပြား ချထားပြီးနောက် ရေပေါ် လေတပ်စခန်းလို့ တင်စားခံရတဲ့ လေယာဉ်တင်သင်္ဘောကြီးကို ထပ်မံ စေလွှတ်လိုက်တာ ဖြစ်ပါတယ်။
ယူအက်စ်အက်စ် ဂါရဲလ် အာရ်ဖို့ဒ်နဲ့ ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်းတို့ဦးဆောင်တဲ့ တိုက်ခိုက်ရေး လေယာဉ်တင် သင်္ဘော အုပ်စု နှစ်စုဟာ အီရန်စစ်ပွဲ စတင်ပြီး ၅ ရက် အကြာကတည်းက အဲဒီ ဒေသသို့ ရောက်နှင့်နေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂါရဲလ်ဖို့ဒ် သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် ဂရိနိုင်ငံ ခရက်တီ ကျွန်းရှိ ရေတပ်စခန်းမှာ ပြုပြင်ဖို့ စေလွှတ်ထားရတာပါ။
အဲဒီ သင်္ဘော မရှိတဲ့ အချိန်မှာ ဗာဂျီးနီးယားပြည်နယ် နော့သ်ဖို့ဒ်မြို့က ယူအက်စ်အက်စ် ရော့စ် သင်္ဘောကို မတ် ၂၅ရ က်က ချထားခဲ့ပါတယ်။
အီရန် စစ်ဆင်ရေးအတွင်း ပူးပေါင်းပါဝင်ရေး ယူအက်စ်အက်စ် ဒေါ်နယ် ကွတ်ခ်နဲ့ ယူအက်စ်အက်စ် မာဆွန်တို့လည်း ဖလော်ရီဒါကနေ အခုသီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းသို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ အီရန်မှာ တိုက်ခိုက်စရာ ပစ်မှတ် ၃၅၅၄ ခု ကျန်ရှိနေသေးတယ်လို့ ထရန့်က ပြောကြားပြီးနောက် အဲဒီ သင်္ဘောတွေကို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီ သင်္ဘောတွေနဲ့အတူ စစ်ဆင်ရေး တော်တော်လေး မြန်မြန်ဆန်ဆန် ပြီးစီးလိမ့်မယ်လို့ ထရန့်က မီယာမီမှာ ပရိသတ်တွေကို ပြောပါတယ်။
အဲဒီနောက်သူက ဟောမု့ဇ် ရေလက်ကြားကို ထရန့် ရေလက်ကြားအဖြစ် ပြောင်းလဲ ခေါ်ဝေါ် သင့်တယ်လို့လည်း ပြောဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း အီရန် စစ်ပွဲဟာ လနဲ့ချီပြီး ကြာမှာ မဟုတ်ဘဲ နောက်ထပ် သီတင်းပတ် အနည်းငယ်အတွင်း ပြီးဆုံးလိမ့်မယ်လို့ ပြောထားပါတယ်။
Ref:Middleeast eye/The Sun

