မော်လမြိုင် ၊ မတ် ၂၈
လာမယ့် မွန်ပြည်နယ်အစိုးရအဖွဲ့သစ်မှာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်း ခန့်အပ်ခံဖို့ ရေပန်းစားနေတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ လက်ထောက်တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်အထိ တာဝန်ထမ်းဆောင်ဖူးပြီး စစ်ခေါင်းဆောင် ချီးမြှင့်တဲ့ တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်တွေလည်း ရရှိဖူးပါတယ်။
ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ပေးပို့တဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ ရာထူးအမြင့်ဆုံး ဖြစ်ပါတယ်။
ဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို ရရှိထားတဲ့သူ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။
မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ထဲမှာ ရွေးကောက်ပွဲအတွင်း ဒုတိယအများဆုံး အနိုင်ရရှိထားတဲ့ မွန်ညီညွှတ်ရေးပါတီက ဝန်ကြီး နှစ်ဦး ဒါမှမဟုတ် သုံးဦး ခန့်အပ်ခံရနိုင်တယ်လို့ သတင်းတွေ သတင်းထွက်ပေါ်နေပါတယ်။
လာမယ့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးကို မတ်လ ၃၀ ရက်နေ့မှာ ကျင်းပပြုလုပ်သွားဖို့ ရှိနေပြီး အဲဒီအစည်းအဝေး သမ္မတက ပေးပို့တဲ့ ဝန်ကြီးချုပ်ကို လွှတ်တော်က အတည်ပြုခန့်အပ်ပေးရမှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

