ဘန်ကောက်၊ မတ် ၂၈

စားဝတ်နေရေး ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် ထိုင်းပြည်သူတွေ သက်သာစေမယ့် အစီအစဉ် တစ်ခု ဖြစ်တဲ့ ခွန်လာ ခရူအန်ခေါ် ပူးတွဲ ငွေရှင်းပေးရေး အစီအစဉ်စတင်နိုင်ဖို့ အစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။

အစိုးရရဲ့ မူဝါဒ ကြေညာချက်ကို လွှတ်တော်သို့ တင်သွင်းပြီးနောက် အဲဒီ အစီအစဉ် ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

နိုင်ငံတော် စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က မတ် ၂၆ ရက် ဝန်ကြီးများအဖွဲ့ အထူး အစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ အစီအစဉ် ၇ ရပ် အပြင် ရေတို စီးပွားရေး နှိုးဆွရေး အစီအစဉ်တွေ ရေးဆွဲနေကြောင်း အစိုးရ အိမ်တော် သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

အဲဒီ အစီအစဉ် ၇ ရပ်က ထိခိုက်လွယ်တဲ့ အုပ်စုတွေ၊ ပို့ဆောင်ရေးလုပ်ငန်း လုပ်သူတွေနဲ့ အများပြည်သူ ဝန်ဆောင်မှု ပေးသူတွေကို အဓိကထားပြီး ကုန်ကျစရိတ် ထိန်းချုပ်နိုင်ဖို့ ကူညီသွားမှာ ဖြစ်တယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

မူဝါဒ ကြေညာချက်ကို ပေးပို့ပြီးတာနဲ့ အိမ်ထောင်စုတွေရဲ့ အသုံးစရိတ် လျှော့ချရေး ပူးတွဲ ငွေပေးချေမယ့် အစီအစဉ်ကို အစိုးရက ရှေ့ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မဆောင်ရွက်ခင် ဘက်ဂျက်ငွေ လျော့နည်းနေမှုကို ထည့်သွင်း စဉ်းစားရဦးမှာ ဖြစ်ပါတယ်။

၂၀၂၇ ဘဏ္ဍာငွေ သုံးစွဲရေး အစီအစဉ် ပြီးမြောက်ပြီးနောက် အဲဒီ ပူးတွဲငွေပေးချေရေး အစီအစဉ် နောက်တစ်ဆင့်ကို စဉ်းစားသွားမှာ ဖြစ်တယ်လို့လည်း အစိုးရ အိမ်တော် သတင်းရင်းမြစ်က ဆိုပါတယ်။

စားဝတ်နေရေး ကုန်ကျစရိန် မြင့်တက်လာမှုကြောင့် စိုးရိမ်ကြောင်း ပြောဆိုမှုတွေ ပိုများလာနေတဲ့ ဝင်ငွေ အလယ်အလတ် ရရှိသူတွေကို ထောက်ပံ့မယ့် အစီအစဉ်တွေလည်း NESDC က ကြိုတင် ပြင်ဆင်နေပါတယ်။

ဒီအတောအတွင်း စီးပွားရေးဝန်ကြီးဌာနက ဥပဒေ စည်းကြပ်ထားတဲ့ ကုန်စည်ပစ္စည်းနဲ့ ဝန်ဆောင်မှု စာရင်းကို အမျိုးအမည် ၅၉ ခုကနေ ၆၆ မျိုးအထိ တိုးချဲ့ သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။

ထိုင်းလူမျိုးတွေက ထိုင်းလူမျိုးတွေကို ကူညီပါဆိုတဲ့ အစီအစဉ် အရ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေကို လျှော့ဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့ အဝတ်လျှော် ဆပ်ပြာတို့လို နေ့တိုင်း အသုံးပြုနေရတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ထက်ဝက် လျှော့ချပေးမှာ ဖြစ်ပါတယ်။

ဆန်၊ ငါးငံပြာရည်နဲ့ ခေါက်ဆွဲခြောက်တို့လို စားစရာကုန်စည်တွေအတွက် ဈေးနှုန်းကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ပြီး ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.