ဘားအံ၊ မတ် ၂၈
စက်သုံးဆီဈေးနှုန်းနဲ့ ထိုင်းဘတ်ဈေး ဆက်တိုက်မြင့်တက်လာကြောင့် ကရင်ပြည်နယ်က ဘားအံ၊ မြဝတီအပါအဝင် မြို့နယ်တွေမှာ ဆန်၊ ဆီ၊ ဆား စတဲ့ ပြည်တွင်းထုတ်ကုန်နဲ့ ထိုင်းကုန်ပစ္စည်းဈေးနှုန်းတွေ ထိုးတက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ် ဘားအံမြို့မှာ 95 ဓာတ်ဆီတစ်လီတာကို ၅၁၉၅ ကျပ်၊ 92 ဓာတ်ဆီတစ်လီတာကို ၄၅၄၀ ကျပ်ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့ထက် တစ်လီတာကျပ် ၁၀၀၀ ကျော် ဈေးတက်ခဲ့တာပါ။
ကရင်ပြည်နယ်အတွင်းက ဘားအံမြို့အပါအဝင် မြို့နယ်တွေအားလုံးမှာ စက်သုံးဆီရရှိဖို့ အခက်အခဲကြုံနေရပြီး စက်သုံးဆီဝယ်ယူရရှိရေးအတွက် ဆီရောင်းချပေးနေတဲ့ ဆိုင်ကြီးတွေမှာ အချိန်ကြာမြင့်စွာ တန်းစီးစောင့်ဆိုင်းပြီး ဝယ်ယူနေရတာပါ။
စက်သုံးဆီဆိုင်ကြီးတွေမှာ တန်းစီစောင့်ဆိုင်းမဝယ်လိုသူတွေကတော့ အပြင်ကနေရောင်းချပေးတဲ့ မှောင်ခိုဈေးမှာ စက်သုံးဆီတစ်လီတာဟာ ကျပ် ၁ သောင်းခွဲပေါက်နေပြီး မတ်လ ၂၇ ရက်နေ့မှာ စက်သုံးဆီရည်ညွန်းဈေးနှုန်း ထပ်မံမြင့်တက်လာတာကြောင့် ပြင်ပမှောင်ခိုဈေးနှုန်းလည်း ထပ်မြင့်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘတ်ငွေ ၈၀၀ ကို မြန်မာကျပ်ငွေ ၁ သိန်း ဈေးရှိရာကနေ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းဈေးနှုန်းအရ ထိုင်းဘတ်ငွေ ၇၄၀ ကျပ်ကို မြန်မာကျပ်ငွေ ၁ သိန်း ဈေးပေါက်နေပြီး ထိုင်းဘတ်ဈေးတက်လာတဲ့အပြင် စက်သုံးဆီဂယက်ကြောင့် အစားအသောက် စားသုံးဆီ စတဲ့ ပြည်တွင်းကုန်ပစ္စည်းတွေနဲ့ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဘားအံ-ရန်ကုန်ကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းကားတွေက လက်မှတ်ခဟာလည်း အရင်က ကားလက်မှတ်ဈေးနှုန်း ၁၅၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်ကနေ ၂၀၀၀၀၊ ၂၅၀၀၀ ၊ ၃၀၀၀၀ ကျပ်အထိဈေးတက်လာနေသလို မြဝတီ-ဘားအံကိုပြေးနေတဲ့ ကားခတွေလည်း အရင်ကားခဈေးနှုန်းထက် ဈေးပိုများလာတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။
ဘားအံမြို့မှာလည်း ထိုင်းကုန်တွေနဲ့ ပြည်တွင်းထုတ်ကုန်တွေ ဈေးတက်လာတဲ့အပြင် စက်သုံးဆီဈေးနှုန်းမြင့်မားပြီး ဝယ်ယူရခက်တာတွေကြောင့် သင်္ကြန်ပွဲတော်ကာလရောက်ရှိတော့မှာဖြစ်ပေမယ့်လည်း ရွာတွေကနေ မြို့ပေါ်ဈေးတက်ပြီး လာရောက်ဝယ်ယူနေကြတဲ့သူတွေ အရင်ကထက် ပိုမိုနည်းပါးလာတာကြောင့် ရောင်းအားမကောင်းဘူးလို့ ဈေးရောင်းချနေသူတွေက ဆိုပါတယ်။
ပြည်နယ်စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲအဖွဲ့ကလည်း မကြာခဏဆိုသလို လိုင်စင်မဲ့ယာဉ်တွေကို လိုက်လံဖမ်းဆီးနေတာတွေကြောင့် ကျေးရွာတွေက ဒေသခံဈေးသည်တွေအများစုဟာ ဘားအံမြို့ပေါ်ကို ဈေးတက်ဝယ်မရဲတော့တာတွေရှိတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ စက်သုံးဆီအကြပ်အတည်းကြောင့် အခက်ကြုံနေရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ရင်ဆိုင်နေရတဲ့အချိန် ပြည်နယ်စစ်ကော်မရှင်ကတော့ လာမယ့်သင်္ကြန်ကာလမှာ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်စည်ကားကားပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

