မော်လမြိုင် ၊ မတ် ၂၈

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဆိုးရွားစွာ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို လေယာဉ်ဆီ ရရှိနေမှုကနေ အရေးတကြီး ပိတ်ဆို့ဖို့ လိုအပ်နေတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က မတ် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကနေ လေယာဉ်ဆီနဲ့ ရေကြောင်းအာမခံဝန်ဆောင်မှုရရှိနေခြင်းကို ဒေသတွင်းနဲ့ နိုင်ငံတကာတွေအကြား ညှိနှိုင်းချမှတ်ပြီး အရေးပေါ်ဒဏ်ခတ်ပိတ်ဆို့ဖို့ ထပ်မံ တောင်းဆိုလိုက်တာပါ။

အာဆီယံ၊ အီးယူ အပါအဝင် ယူကေနဲ့ နိုင်ငံတကာ အစိုးရတွေအနေနဲ့ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရတရပ်အနေနဲ့ လုံးဝ အသိအမှတ် မပြုဖို့ကိုလည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်ဖို့ နိုင်ငံတကာအစိုးရတွေအနေနဲ့ တစုတစည်းတည်း အပြစ်ပေးအရေးယူရမယ်လို့ တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံမှာ အတုအယောင်ရွေးကောက်ပွဲအပြီး စစ်အုပ်စုက အမည်ခံ လွှတ်တော်ခေါ်ယူနေသလို တစ်ဘက်မှာလည်း အရပ်သားပစ်မှတ်ကို ဦးတည်တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို တိုးမြှင့် ကျူးလွန်နေတာပါ။

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရေနံစိမ်း (ကုန်ကြမ်း) ရရှိမှု အခက်ကြုံနေရတဲ့အတွက် လေယာဉ်ဆီနဲ့ စက်သုံးဆီ ဖူလုံရေး ကြိုးပမ်းနေချိန်မှာ မြန်မာစစ်အုပ်စုက အရပ်ဘက်သုံး လေယာဉ်ဆီတွေကို အဓမ္မသိမ်းယူကာ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

၂၀၂၆ မတ်လအတွင်း အရပ်သား ၂၀ ဦးထက်မနည်းပါတဲ့ အစုအလိုက်အပြုံလိုက် သေဆုံးတဲ့ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ သံဃာတော်တွေ အပါအဝင် လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာပါ။

ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ အစိုးရတွေရဲ့ ထိရောက်တဲ့ အရေးယူမှု မရှိခြင်းနဲ့ နိုင်ငံတွေအကြား ညှိနှိုင်းချမှတ်လုပ်ဆောင်ရမယ့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လှစ်ဟာနေခြင်းကို မီးမောင်းထိုးပြနေတာလို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.