မော်လမြိုင် ၊ မတ် ၂၈
မွန်ပြည်နယ်မှာ စက်သုံးဆီ ရှားပါးပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူလို့မရတဲ့ အခက်အခဲတွေကြောင့် ဒေသတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းတွေအပါအဝင် စီးပွားရေးလုပ်ငန်းအများစု ရပ်တန့်လုနီးပါးဖြစ်လာတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စီးပွားရေး လုပ်ငန်းအများစုဟာ လျှပ်စစ်မီး မမှန်တာကြောင့် မီးစက်ကြီးတွေကိုသာ အဓိက အားထားပြီး လုပ်ငန်းလည်ပတ် နေရသလို ပို့ဆောင်ရေးကဏ္ဍတွေကအစ စက်သုံးဆီ လိုအပ်တာကြောင့် လုပ်ငန်း ပုံမှန်လည်ပတ်ဖို့ အကျပ်ရိုက်စေတာပါ။
အခုလို စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် လုပ်ငန်းအများစု လုပ်ငန်းတွေလျော့ချရတာ၊ အချိန်ပိုင်းသာ အလုပ်လုပ် နိုင်တော့တာအပြင် ပုံမှန် အလုပ် မလုပ်နိုင်တော့တာတွေကြောင့် စီးပွားရေး လုပ်ငန်းတွေ ပြိုလဲလာနိုင်တဲ့ အခြေအနေ ဖြစ်လာတာ ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီ အခက်အခဲကြောင့် စီးပွားရေးလုပ်ငန်း အကြီးအငယ်ကအစ ရိုက်ခတ်မှုတွေ ရှိလာပြီး ဒီအတိုင်း ဆက်သွားပါက စီးပွားရေးတွေ အဆိုးဆုံး အခြေအနေနဲ့ ကြုံတွေ့နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စက်သုံးဆီကတော့ လုပ်ငန်းကြီးတွေ လည်ပတ်တဲ့ နေရာမှာတော့ ထိခိုက်မှုတော့ များတာပေါ့။ လုပ်ငန်း ကလေးကတော့ အထိုက်အလျောက်တော့ ရှိပါတယ်။ စက်ရုံကြီးတွေ ကျတော့ မီးလာရင်တော့ နည်းနည်းတော်တာပေါ့၊ မီးမလာဘူး ဆိုရင်တော့ လုပ်ငန်းက ရပ်လိုက်ရတဲ့ သဘောမျိုး ရှိတာပေါ့။ရှေ့အလား လာ ကျတော့လည်း ဒီအတိုင်းပဲ ဆက်သွားရင်တော့ စီးပွားရေးကတော့ အဆိုးဆုံး အခြေအနေကို ရောက်နိုင်တာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီ ဝယ်ယူရ အခက်အခဲကြောင့် လုပ်ငန်း အများစု ပုံမှန် မလည်ပတ်နိုင်တော့တဲ့အတွက် ဒေသတွင်း ထုတ်ကုန်တွေ ကျဆင်းလာတဲ့အပြင် အဲဒီလုပ်ငန်းတွေကို မှီခိုလုပ်ကိုင်နေကြတဲ့ လုပ်သားတွေပါ အခက်တွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင် နောက်တစ်ဦးကလည်း စက်သုံးဆီ အခက်အခဲကြောင့် စီးပွားရေးကဏ္ဍ အသီးသီးအပေါ် ဆိုးဆိုးရွားရွား ရိုက်ခတ်မှု ရှိနေပြီး စီးပွားရေး လုပ်ငန်းတွေ ပြိုကျလာနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဘက်စုံကဏ္ဍအသီးသီးပေါ့။ ဒီလောင်စာဆီကို သုံးစွဲ ပြီးမှ သွားရတဲ့ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး အားလုံးကတော့ ထိခိုက်သွားတာပေါ့။ ကုန်သွယ်ရေးမှာလည်းပဲ သယ်ယူ ပို့ဆောင်ရေး စရိတ်တွေလည်း အများကြီး တက်လာတဲ့အတွက် ကုန်ဈေးနှုန်းလည်း အများကြီး လိုက်မြင့်လာတယ်။ တော်တော် ဆိုးဆိုးရွားရွားကို ရိုက်ခတ်နေတယ်။ အခုကလေ အများကြီး ပြိုကျသွားနိုင်သလို ကုန်ဈေးနှုန်းကလည်း အဆမတန် တက်နိုင်တယ်”လို့ ဆိုပါတယ်။
တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ် ရေနံထွက် ပစ္စည်း ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနကတော့ ဖုန်းတာဝါတိုင်နဲ့ အခြား လုပ်ငန်းသုံးတွေကို ရောင်းချမယ်ဆိုပါက သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေရဲ့ စိစစ် ထောက်ခံချက်နဲ့သာ ရောင်းချပေးမယ့်လို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ဝယ်ယူလို့ မရပါဘူး။
ဒါ့အပြင် စက်သုံးဆီ အရောင်းဆိုင်တွေကိုလည်း ပုံးတွေ၊ ပေပါတွေနဲ့ လုံးဝ မရောင်းဖို့ ညွှန်ကြားထားတဲ့အတွက်လည်း ဒေသတွင်းမှာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေအပြင် လုပ်ငန်းကြီးတွေပါ စက်သုံးဆီ အခက်ကြုံနေရတာပါ။
လက်ရှိမှာလည်း စက်သုံးဆီ ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အပြင် လိုသလောက် ဝယ်ယူလို့ မရတာ၊ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူရတာ၊ စုံ၊ မ စနစ် ကန့်သတ်ချက်နဲ့ ဝယ်ယူရတာ အပြင် စက်သုံးဆီဆိုင်တွေကလည်း အချိန်ပိုင်းနဲ့သာ ရောင်းချတော့တာပါ။
မွန်ပြည်နယ်မှာတော့ အီရန်စစ်ပွဲကြောင့် ပြီးခဲ့တဲ့ မတ်လ ပထမအပတ်ကစလို့ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူလို့ မရတာကြောင့် စီးပွားရေးလုပ်ငန်းတွေအပြင် လူမှုစီးပွားဘဝတွေအပေါ် သက်ရောက်မှု ပိုမိုကြီးမားနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

