မော်လမြိုင် ၊ မတ် ၁၈

စစ်တပ်က လူထုရဲ့ တော်လှန်လိုစိတ်ကို မှေးမှိန်စေဖို့ သတင်းအချက်အလက်နဲ့ အသိပညာပေးတဲ့ ပလက်ဖောင်းတွေကို ပိတ်ဆို့ပြီး ဖျော်ဖြေရေးကိုသာ ဦးစားပေးတဲ့ ပလက်ဖောင်းတွေကို လမ်းဖွင့်ထားတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

မတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ – ၂၀၂၆ ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာတွေအပေါ် စစ်တပ်ရဲ့ ပိတ်ဆို့ကန့်သတ်ပုံ အစီရင်ခံစာပါ အချက်အလက်တွေက ဖော်ပြထားတာပါ။

အစီရင်ခံစာအရ အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ စစ်တပ်က အလုံးစုံ အင်တာနက်ဖြတ်တောက်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပစ်မှတ်ထား ရွေးချယ်ပိတ်ဆို့နိုင်တဲ့ ဖြတ်တောက်ရေးနည်းဗျူဟာကို ကျင့်သုံးခဲ့ပါတယ်။

ဦးဆုံးအနေနဲ့ Facebook နဲ့ X အပါအဝင် Instagram စတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကို ပိတ်ဆို့ထားသလို ပြည်မအခြေစိုက် သတင်းမီဒီယာဝက်ဘ်ဆိုက်တွေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ဒေသတွင်းသတင်းမီဒီယာတွေကိုပါ ဆက်လက် ပိတ်ဆို့ခဲ့တာပါ။

အာဏာသိမ်းပြီး ၅ နှစ်ကြာသည့်တိုင် အဲဒီ ပိတ်ဆို့မှုတွေဟာ ဆက်လက်တည်ရှိနေပြီး ရွေးကောက်ပွဲကာလမှာလည်း တိုးမြှင့်ပိတ်ဆို့ခဲ့တာကြောင့် အများပြည်သူအကြား အပြန်အလှန်ဆွေးနွေးရမယ့် ရွေးကောက်ပွဲရဲ့ လုပ်ငန်းစဉ်အဆင့်ကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာ Tik Tok နဲ့ တယ်လီဂရမ်တို့ကို ပိတ်ဆို့မှုတွေ မပြုလုပ်ထားဘဲ စစ်တပ်ကိုယ်တိုင် ရွေးကောက်ပွဲအပါအဝင် ဝါဒဖြန့်ချိရေးတွေနဲ့ စစ်သားစုဆောင်းမှုတွေအတွက် အဲဒီ ပလက်ဖောင်းတွေကို ပိုမိုလွတ်လပ်စွာ အသုံးပြုခွင့် ရရှိနေကြတာပါ။

Tik Tok လိုမျိုး အက်ပလီကေးရှင်းတွေကို လမ်းဖွင့်ပေးထားတဲ့အနေနဲ့ စစ်တပ်က ပြည်သူတွေကို အနှစ်သာရရှိတဲ့ ပြည်သူ့အရေးလှုပ်ရှားမှုကနေ အာရုံလွှဲဖို့နဲ့ ဝေးကွာသွားစေဖို့ ထိရောက်စွာ တွန်းပို့လိုက်တာ ဖြစ်ပါတယ်။

အခုလို ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း စနစ်တကျ ရွေးချယ်စီမံပေးထားတဲ့ ဖျော်ဖြေရေးမှာသာ အချိန်ကုန်စေတဲ့အနေနဲ့ လူထုရဲ့ တော်လှန်လိုစိတ်ကို မှေးမှိန်လျော့ပါးသွားစေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဘောင်းဘီချွတ်အစိုးရတက်လာလည်း သတင်းမီဒီယာနဲ့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်တွေကို ဖြေလျှော့ပေးမှာ မဟုတ်ဘဲ ပိတ်ဆို့မှုတွေ ပိုကြုံတွေ့ရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အနည်းဆုံး immediate တစ်နှစ် နှစ်နှစ်အတွင်း အခု သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်တွေကို ဘာမှ ဆက်ရမှာ မဟုတ်သေးဘူး။ အဲဒါနဲ့ တစ်ပြိုင်နက်တည်းပဲ တရုတ်နဲ့ ရုရှားအကူအညီတွေနဲ့ တချို့ မီဒီယာ ဒီဂျစ်တယ်ပလက်ဖောင်းတွေ ပိတ်လို့ ပိတ်ထားမှန်း မသိအောင် ပိတ်ဆို့ထားတာပါ။ ကိုယ့်ရဲ့ သုံးစွဲသူက ဝင်လို့ မရဘူး၊ အင်တာနက်နှေးတယ်။ အဲဒီလိုပဲ ထင်အောင် နည်းပညာအဆင့်မြင့်အနေနဲ့ ပိုလုပ်လာတော့ အဲဒီလို ပိတ်ဆို့မှုတွေက ပိုလို့ ကြုံတွေ့ရမယ်လို့ ပြောပါရစေခင်ဗျ”လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက လာမယ့် အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဒုဝန်ကြီး အပါအဝင် စစ်တပ်က အရာရှိတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ရပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။

သတင်းလွှာထုတ်ပြန်ရေးနဲ့ တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့လို့ နာမည်ပေးထားပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ် အောင်မျိုးသန့်က တာဝန်ယူကာ စစ်ဘက်နဲ့ အရပ်ဘက်က ဌာနဆိုင်ရာ အရာရှိတွေနဲ့အတူ အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပါတယ်။

ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ တုံ့ပြန်ချေဖျက်သွားဖို့နဲ့ အစိုးရကို လက်နက်ကိုင်လမ်းစဉ်နဲ့ ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို သတင်းအချက်အလက် စစ်ဆင်ရေးပြုလုပ်သွားဖို့ တာဝန်ပေးထားတာပါ။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ကြီးမားကျယ်ပြန့်စွာ ဆင်ဆာဖြတ်တောက်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ စစ်တပ်ရဲ့ အင်တာနက်ဖြတ်တောက်မှုဟာ ပြည်သူလူထုနဲ့ အမှန်တရားကြားမှာ ဒစ်ဂျစ်တယ်အတားအဆီးတစ်ခု ဖြစ်ခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ အင်တာနက်ဖြတ်တောက်မှုတွေကို ကျော်လွှားနိုင်ဖို့ VPN ခံပြီး အသုံးပြုနေကြတဲ့အပေါ် စစ်တပ်က လိုက်လံပြီး ဆင်ဆာဖြတ် ပိတ်ဆို့နေတာကြောင့် VPN ကိုလည်း တစ်ခုပြီးတစ်ခု အသစ်သုံးနေကြရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အင်တာနက်အသုံးပြုခတွေကို နှစ်ဆတိုးမြှင့်ခဲ့တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာ ကုန်ကျစရိတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်အပြင် စစ်တပ်ရဲ့ ငွေညှစ်မှု မတရားဖမ်းဆီးမှုအတွက် အကြောင်းပြချက်တွေရဖို့ ဖုန်းတွေကို စစ်ဆေးတာတွေက ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေကိုပါ ချိုးဖောက်နေတာလို့ ဆိုတယ်။

တစ်ဘက်မှာ အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူနိုင်ရေး အင်တာနက်အသုံးပြုမှု ၂၄ နာရီစောင့်ကြည့်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားတာပါ။

ဒီလိုမျိုး စစ်တပ်ရဲ့ ဖိနှိပ်မှု ယန္တရားတွေဟာ စောင့်ကြည့်စစ်ဆေးတာတွေ ကော်မတီတွေ မျိုးစုံရှိနေတဲ့အတွက် ရေရှည်မှာ ဒစ်ဂျစ်တယ်လုံခြုံရေးကို အဆင့်မြှင့်တင်ပြီး ဦးစားပေးဖို့ ဦးတိုးဇော်လတ်က အကြုံပြုပါတယ်။

“ကိုယ့်ရဲ့ ဒီဂျစ်တယ်လုံခြုံရေးက ပထမပါ။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်ဟာကိုမှ မလိုအပ်ဘဲ အန္တရာယ်ရှိတဲ့ဟာတွေကို မဖိတ်ခေါ်မိပါစေနဲ့။ ကိုယ့်ရဲ့ ဒီဂျစ်တယ်စာတတ်မြောက်မှုကို အနည်းဆုံး ကိုယ့်ဘာသာကို လုံလုံခြုံခြုံ ဘယ်လိုသုံးလို့ရလဲဆိုတဲ့ အဆင့်လောက်အထိကိုတော့ မြှင့်တင်ထားပြီးတော့ ဒီအခြေအနေဟာ ခဏတာ အခြေအနေမဟုတ်ဘဲ ရေရှည်ဆက်ပြီးတော့ ကြုံရမယ့်ဟာကို ဘယ်လိုပြင်ဆင်ထားမလဲလို့ပဲ အဓိက ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် ဇန်နဝါရီအတွင်း ရွေးကောက်ပွဲကာလမှာ အွန်လိုင်းပေါ် ပြောဆိုရေးသားမှုတွေကို စစ်တပ်က ၂၄ နာရီပတ်လုံး စောင့်ကြည့်ဖမ်းဆီးပြီး တရားစွဲအရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် အဲဒီ သုံးလအတွင်းမှာတင် အွန်လိုင်းကနေ ပြောဆိုရေးသားမှုတွေကြောင့် လူ ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခံရသူ ၂၉ ဦးအထိ ပါဝင်တယ်လို့ မြန်မာအင်တာနက်ပရောဂျက်ရဲ့ အချက်အလက်တွေကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.