မော်လမြိုင် ၊ မတ် ၁၈

မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူရ အခက်အခဲတွေကြောင့် ပြင်ပဈေးကွက်မှာ တစ်လီတာကို ကျပ် တစ်သောင်းကျော် ပေးဝယ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသတွင်းမှာတော့ စက်သုံးဆီတွေဟာ အီရန်စစ်ပွဲနဲ့အတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစလို့ လိုသလောက် ဝယ်ယူလို့ မရတာ၊ အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူရတာ၊ စုံမ ယာဉ်စနစ်နဲ့သာ ရောင်းချပေးနေတဲ့အတွက် စက်သုံးဆီ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။

စက်သုံးဆီ အခက်အခဲကြောင့် စက်သုံးဆီ ဝယ်ယူစုဆောင်းထားတဲ့သူတွေဟာ ပြင်ပမှောင်ခိုဈေးကွက်မှာ စက်သုံးဆီ တွေကို စိတ်ကြိုက် ဈေးတင် ရောင်းချရာမှ တစ်လီတာကို ကျပ်တစ်သောင်းကျော် ပေါက်ဈေးရှိလာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ စက်သုံးဆီဆိုင် အများစုမှာ စက်သုံးဆီ ဝယ်ယူလို့ မရတာကြောင့် မှောင်ခို ဈေးကွက်မှာ တစ်လီတာကို ကျပ် တစ်သောင်းကျော် ပေးဝယ်နေရတယ်လို့ ပြောပါတယ်။

“အဓိက ဆီကြောင့်ပဲပေါ့။ ဆိုင်ကယ်တွေ ရှိတာတောင်မှ တစ်စီးမှ စီးလို့ မရဘူး။ မ ရက် သွားဝယ်လည်း မရ။ စုံ ရက်သွားဝယ်လည်း မရ။ အခက်အခဲ တော်တော်ဖြစ်သွားတာပါ။ မှောင်ခို ရောင်းတဲ့ သူတွေ ရှိတယ်။ တစ်ဗူးကို ကျပ် ၁၂၀၀၀ ပေးရတယ်။ ဒါတောင် ဝယ်ချင်တိုင်း ဝယ်လို့ မရနေဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီတွေကို သတ်မှတ်နှုန်းထားအတိုင်း အလုံအလောက် ရရှိအောင် စစ်ကော်မရှင် အနေနဲ့ ဆောင်ရွက်ပေးသင့်သလို အခုလို မှောင်ခိုဈေးကွက်မှာ ဈေးကြီးပေး ဝယ်ယူနေရတဲ့ အတွက် ကုန်ဈေးနှုန်းတွေပါ ကြီးမြင့်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင် သတ်မှတ်ဈေးအရ မွန်ပြည်နယ်မှာ 95 ဓာတ်ဆီ တစ်လီတာ ကျပ် ၃၅၀၀ နီးပါး၊ 92 ဓာတ်ဆီ တစ်လီတာ ကျပ် ၃၃၀၀ ကျော်၊ ပရီမီယံ ဒီဇယ်ဆီ တစ်လီတာ ကျပ် ၄၂၀၀ ကျော် ဈေးနှုန်းရှိနေတာ ဖြစ်ပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုတွေနဲ့ ဖြစ်ပေါ်နေပေမယ့် မြန်မာနိုင်ငံမှာ အရန်ဆီ ရက် ၄၀ စာ ရှိကြောင်းနဲ့ ဝယ်ယူထားတဲ့ စက်သုံးဆီ သဘောၤ ၁၉ စင်းရှိတယ်လို့ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.