ကျိုက်ထို၊ မတ်လ ၁၈

မြန်မာပြည်တောင်ပိုင်းရှိ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေအပေါ် နည်းလမ်းမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့ မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှု ကွန်ရက် SBHN က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကော်မရှင်တပ်ဟာ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းရှိ အပြစ်မဲ့အရပ်သားပြည်သူပိုင် ပစ္စည်းဥစ္စာတွေကို လုယူဖျက်ဆီးမှုတွေအပြင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ စစ်ကြောင်းထိုးရာမှာလည်း အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ နှိပ်စက်တာနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ SBHN က ဆိုပါတယ်။

အထူးသဖြင့် မွန်ပြည်နယ်အတွင်း ရေးမြောက်ပိုင်း ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်ရဲ့ အဆက်မပြတ် စစ်ကြောင်းထိုးမှုကြောင့် အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်မှုတွေ ဆက်တိုက်ရှိနေသလို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁ တပ်ရင်းရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက်ရဲ့ အချက်အလက်တွေအရ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းရှိ အချို့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှု နည်းပါးပေမယ့် စစ်ကော်မရှင်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ညဉ်းပန်းနှိပ်စက်မှုတွေကြောင့် ပြည်သူတွေရဲ့ နေ့စဉ် ဘဝမှာ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးနဲ့အတူ လက်နက်ကြီးပစ်ခတ်တွေမှုကြောင့် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက လူဦးရေ ၂၀၀၀၀ နီးပါးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ SBHN က ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.