ဘီးလင်း၊ မတ် ၁၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းကလေးကျေးရွာအနီးရှိ တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ရွှေမျောလုပ်ကွက် ဗုံးကြဲခံရတာကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ဝင်းကလေးကျေးရွာအနီးရှိ တရုတ် ရွှေမျော လုပ်ကွက်တွေကို လေကြောင်းကနေ ဗုံး သုံးလုံး လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က လတ်တလော ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီဗုံးကြဲမှုအတွင်း ရွှေမျောလုပ်သား နှစ်ဦးထက်မနည်း သေဆုံးထားပြီး တရုတ်နိုင်ငံသားတွေအပါအဝင် ရွှေမျောလုပ်သား ဆယ်နဲ့ချီ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် ရွှေမျောလုပ်ကွက် နှစ်ခု မီးလောင်ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် ဆက်လက်စုံစမ်းနေပါတယ်။

ဝင်းကလေးကျေးရွာအနီးမှာ တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ရွှေမျော လုပ်ကွက် ၃၀ နီးပါး ရှိပြီး တရုတ်နိုင်ငံသား ရာနဲ့ချီ လာရောက်နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ရွှေမျောလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအများစုဟာ တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေမှာ ရွှေမျောလုပ်ကွက် ၁၀၀ ကျော် ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီလုပ်ကွက်တွေမှာ တရုတ်နိုင်ငံသား အများအပြား လာရောက်လုပ်ကိုင်နေတာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်အစပ်က ကျေးရွာ ငါးရွာ လေကြောင်းဗုံးကြဲခံရတာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.