တီဟီရန်၊ မတ် ၁၈

မတ် ၁၇ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အီရန် လုံခြုံရေးအကြီးအကဲ အလီလာရီဂျန်နီ သေဆုံးသွားပြီးနောက် စစ်ပွဲ အရှိန် လျှော့ချရေး ကြားခံနိုင်ငံတွေရဲ့ တိုက်တွန်းမှုတွေကို အီရန် ထိပ်တန်းခေါင်းဆောင်သစ်က ပယ်ချလိုက်ပါတယ်။

အကြီးအကဲ လာရီဂျာနီဟာ အီရန်ရဲ့ သြဇာအာဏာ အကြီးဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်တယ်လို့ အများက ရှုမြင်ထားသူ ဖြစ်ပြီး သုတ်သင်ခံလိုက်ရတဲ့ နိုင်ငံခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနဲ့ သူ့နေရာကို ဆက်ခံသူ သားဖြစ်သူ မိုချ်တာဘာတို့ရဲ့ လူယုံတော် တစ်ယောက် ဖြစ်ပါတယ်။

အဲဒီ လုခြုံရေး အကြီးအကဲဟာ နိုင်ငံ့အာဏာကို ချုပ်ကိုင်ထားတဲ့ စနစ်ထဲက အကွဲကွဲအပြဲပြဲ ဖြစ်နေကြတဲ့ တခြားလူတွေနဲ့ရော နိုင်ငံခြားသံတမန်တွေနဲ့ပါ လက်တွေ့ကျတဲ့ ဆက်ဆံရေးရှိသူ ဖြစ်ကြောင်း ကျော်ကြားသူ ဖြစ်ပါတယ်။

လာရီဂျာနီ သေဆုံးကြောင်း သူဦးဆောင်တဲ့ အီရန် နိုင်ငံတော် လုံခြုံရေးကောင်စီက အတည်ပြုထားပါတယ်။

မတ် ၁၆ ရက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လာဂျာရီနီရဲ့ သားဖြစ်ပြီး သူ့ရဲ့ လက်ထောက် ဖြစ်သူ အလီရီဇာ ဘာရက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကနေ အရှေ့အလယ်ပိုင်း ဒေသတဝှမ်း တိုက်ခိုက်မှုတွေ ဖြစ်နေချိန် စစ်ပွဲ အရှိန်လျော့ကျသွားမယ့် လက္ခဏာ တစ်ခုမှ မတွေ့ရ သေးပါဘူး။

ကမ္ဘာ့ရေနံ ဖြတ်သန်းရာ အဓိက လမ်းကြောင်း တစ်ခုလို့ ဆိုနိုင်တဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန် ပိတ်ဆို့ထားမှု တားဆီးရေး မဟာမိတ်နိုင်ငံတွေ ပါဝင် ကူညီကြဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အကြိမ်ကြိမ် တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ မဟာမိတ်တွေရဲ့ တုံ့ပြန်မှု အေးစက်နေချိန်မှာ ပြင်သစ်သမ္မတ မက်ကရွမ်က ရန်လိုတိုက်ခိုက်နေကြတဲ့အချိန်မှာ ဟောမု့ဇ်ရေလက်ကြားကို လွယ်လွယ်ကူကူ ဖြတ်သန်းနိုင်ရေး ပါဝင် ကူညီမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

အီရန် ထပ်တန်းခေါင်းဆောင် အသစ် မိုချ်တာဘာက တင်းမာမှု လျှော့ချရေး ဒါမှမဟုတ် အမေရိကန်နဲ့ အပစ်အခတ် ရပ်စဲရေး အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တိုက်တွန်းမှုတွေကို ပယ်ချလိုက်တယ်လို့ အမည်မဖော်လိုတဲ့ အီရန် အကြီးတန်းအရာရှိ တစ်ဦးက ပြောပါတယ်။

နိုင်ငံ့ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အစည်းအဝေးသို့ ပထမဆုံး တက်ရောက်ခဲ့တဲ့ မိုချ်တာဘာက အမေရိကန်နဲ့ အစ္စရေး ဒူးမထောက်သေးခင်အချိန်အထိ ငြိမ်းချမ်းရေး ရယူဖို့ အချိန်မကျသေးကြောင်း ပြောပါတယ်။

သူတို့ အနေနဲ့ ရှုံးနိမ့်ကြောင်း လက်ခံရမှာ ဖြစ်သလို လျော်ကြေးလည်း ပေးရမှာ ဖြစ်တယ်လို့ အီရန် ခေါင်းဆောင်အသစ်က တုံ့ပြန်ပါတယ်။

မိုချ်တာဘာဟာ ဓာတ်ပုံတွေ ဒါမှမဟုတ် ရုပ်သံတွေမှာ ထွက်ပေါ်မလာသေးချိန် အဲဒီအစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်ခဲ့တာလား ဒါမှမဟုတ် အွန်လိုင်းက တက်ရောက်ခဲ့တာလား ဆိုတာကိုတော့ အဲဒီအီရန် အရာရှိက ရှင်းလင်း ပြောကြားတာ မရှိပါဘူး။

ကမ္ဘာ့ ရေနံ ရောင်းဝယ်မှုရဲ့ ၅ ပုံ ၁ ပုံ ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြား နေရာအများစု ပိတ်ဆို့ခံထားရပြီး အမေရိကန်၊ အစ္စရေးတို့နဲ့ ဆက်နွယ်တဲ့ ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။

အဲဒီ ရေလက်ကြား ပိတ်ဆို့ထားမှုနဲ့အတူ ကမ္ဘာအနှံ့ ရေနံဈေးတွေ မြင့်တက်နေပြီး တချို့ နိုင်ငံတွေမှာ လောင်စာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရ ပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးက ချက်ချင်းတိုက်ခိုက်ရလောက်အောင် အန္တရာယ် မကြီးမားသေးဘူးဆိုတဲ့ ပြောဆိုမှုတွေက အမေရိကန် ဒီမိုကရက်များကြား ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.