ကျောက်ကြီး၊ မတ် ၁၈

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် သဲဖြူရွာသစ်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မတ်လ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ကျောက်ကြီးအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၃၀၇ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ သဲဖြူရွာသစ်ကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့တာပါ။

စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးကြောင့် သဲဖြူရွာသစ်ကျေးရွာနေ အသက် ၁၀ နှစ်အရွယ် မနိုင်နိုင်မောင်၊ အသက် ၁၂ နှစ်အရွယ် မောင်မြင့်မြတ်သူ၊ အသက် ၄၁ နှစ်အရွယ် ဒေါ်မာလာဝင်းနဲ့ အသက် ၄၃ နှစ်အရွယ် ဦးဝင်းဇော်တို့ ထိမှန်သေဆုံးခဲ့ပါတယ်။

အဲဒီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုအတွင်း အသက် ၃ လအရွယ် ကလေးငယ်ဖြစ်တဲ့ မောင်ထက်လင်းအောင် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တစ်လုံး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် ကညင်ကျွန်းကျေးရွာကို စစ်ကော်မရှင်တပ် ဒရုန်းနဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲသွားတာကြောင့် နေအိမ် ငါးလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.