နိုင်ရိုဘီ၊ မတ် ၁၈
ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ် ဘုရင်မ အရှင် ကောင်ရေ ၂၀၀၀ ကို မှောင်ခိုသယ်ထုတ်ဖို့ ကြိုးပမ်းမှုကြောင့် တရုတ်နိုင်ငံသား တစ်ဦးနဲ့ ကြံရာပါ ကင်ညာနိုင်ငံသား တစ်ဦးဟာ တောရိုင်း တိရိစ္ဆာန် မျိုးစိပ်များ မှောင်ခိုကူးမှုနဲ့ စွဲချက်တင်ခံထားရပါတယ်။
ကျန်း ကီကွန်းရဲ့ ခရီးဆောင်အိတ်ထဲမှာ ပုရွက်ဆိတ်တွေ အများကြီး ထည့်ထားတာကို မြို့တော် နိုင်ရိုဘီရှိ နိုင်ငံတကာ လေဆိပ်မှာ အာဏာပိုင်တွေ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ကျန်းရဲ့ ခရီးဆောင် သေတ္တာထဲမှာ စမ်းသပ်ရေး ဖန်ပြွန်တွေ တစ်ရှူးတွေနဲ့ ထည့်ထားတဲ့ ပုရွက်ဆိတ် ကောင်ရေ အများကြီးကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကျန်း ကီကွန်းဟာ အဲဒီ ပုရွက်ဆိတ် ကောင်ရေ ၁၀၀ စီအတွက် ကင်ညာ ရှီလင် ၁၀၀၀၀ (၇၇ ဒေါ်လာ) ပေးပြီး ချားလ်စ် အမ်ဝမ်ဂီဆီက ဝယ်ယူခဲ့တယ်လို့ မတ် ၁၇ ရက်မှာ နိုင်ရိုဘီမြို့ရှိ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အိမ်မွေး တိရိစ္ဆာန်တွေအဖြစ် မွေးမြူလိုသူ များလာတဲ့ ဥရောပနဲ့ အာရှမှာ ပုရွက်ဆိတ် ဘုရင်မ ဝယ်လို အားပိုများလာမှုနဲ့ ပတ်သက်လို့ ကင်ညာ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ကင်ညာနိုင်ငံကနေ အဲဒီ တရုတ်နိုင်ငံသား သယ်ထုတ်ဖို့ ကြိုးပမ်းတဲ့ ပုရွက်ဆိတ်တွေဟာ တရုတ်နိုင်ငံသို့ ဦးတည်နေတာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
အဲဒီ ကင်ညာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားတို့ဟာ ရာဇဝတ်ကြီး ပုဒ်မနဲ့ စွဲချက်တင်ခံထားရပြီး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
အန်ဝမ်ဂီဟာ ဒုတိယမြောက် စွဲချက်အနေနဲ့ တရားမဝင် ရောင်းဝယ်မှုနဲ့ ရင်ဆိုင်နေရပြီး သူ့ရဲ့ သီးခြားနေရာ တစ်ခုမှာ ပုရွက်ဆိတ် အရှင်တွေ ထပ်ပြီး တွေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။
စွဲချက်တင်ခံထားရတဲ့ တရုတ်နိုင်ငံသားနဲ့ အဲဒီ ကင်ညာနိုင်ငံသားတို့က သူတို့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုထားကြောင်း နိုင်ရိုဘီ မီဒီယာတွေက ဖော်ပြထားပါတယ်။
ကျန်းရဲ့ ရှေ့နေ ဒေးဗစ် လု့စ်ဝီတီက သူတို့အနေနဲ့ ဥပဒေချိုးဖောက်ရာရောက်ကြောင်း မသိဘဲ လုပ်ခဲ့မိတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
သူတို့ အနေနဲ့ အဲဒီ ပုရွက်ဆိတ် ဘုရင်မတွေကို ပြည်ပသို့ တင်ပို့လို့ရတယ်လို့ ထင်ပြီး အရောင်းအဝယ်လုပ်ရင်း ဝင်ငွေရှာနိုင်လိမ့်မယ်လို့ ယုံကြည်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။
ဖမ်းဆီးထားသူ နှစ်ဦးကို မတ် ၂၇ ရက်မှာ ထပ်ပြီး ရုံးတင် စစ်ဆေးဦးမှာ ဖြစ်ပါတယ်။
အဲဒီ ပုရွက်ဆိတ် အမျိုးအစားတွေကို ဖမ်းဆီး သိမ်းဆည်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကင်ညာ အရာရှိတွေက တခြားမြို့တွေမှာလည်း စုံစမ်း စစ်ဆေးနေတာပြီးနောက်ထပ် ဖမ်းဆီးမှုတွေ ရှိလာနိုင်တယ်လို့ ကင်ညာ တောရိုင်း တိရိစ္ဆာန်ဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောပါတယ်။
ဥရောပနဲ့ အာရှမှာ အဲဒီ ပုရွက်ဆိတ်တွေကို အိမ်မှာမွေးထားပြီး သူတို့ရဲ့ အိမ်တည်ဆောက်ပုံကို စောင့်ကြည့်သူတွေ ပိုများလာတယ်လို့ ကင်ညာ အရာရှိတွေက ပြောဆိုထားပါတယ်။
Ref:BBC

