တီဟီရန်၊ မတ် ၁၁

အစိုးရကို ဆန့်ကျင် ဆန္ဒပြဖို့ စဉ်းစားနေတဲ့ ပြည်သူတွေကို အာဏာပိုင်တွေက လက်စားချေ တိုက်ခိုက်နေတဲ့ ရန်သူတွေလို ဆက်ဆံ ဖြေရှင်းသွားမှာ ဖြစ်ကြောင်း အီရန် ရဲချုပ်က ပြောလိုက်ပါတယ်။

အမေရိကန်နဲ့အစ္စရေးတို့ ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုတွေကို အီရန်မှာ ထောက်ခံသူတွေရော မထောက်ခံသူတွေရော အများကြီး ရှိပါတယ်။

အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ရေး သင်္ဘောတွေနဲ့ မိုင်းတွေ လိုက်ချနေတာကြောင့် အီရန် သင်္ဘော ၁၆ စီးကို နှစ်မြှုပ်ပစ်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။

ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ဈေးသည်တွေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအဖြစ် ကျယ်ပြန့်လာခဲ့ပြီးနောက် အီရန် အာဏာပိုင်တွေက လူထောင်နဲ့ချီပြီး ပစ်သတ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ထရန့်က အီရန်ပြည်သူတွေ ဆက်လက် ဆန္ဒပြကြဖို့နဲ့ အမေရိကန်က ကူညီမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ထရန့်က အီရန်ကို ပစ်အား သိသိသာသာတိုးမြှင့်ပြီး တိုက်ခိုက်သွားမယ်လို့ မတ် ၁၀ ရက်က ပြောကြားခဲ့ပြီးနောက် အရှေ့အလယ်ပိုင်း တဝှမ်းလုံး လေကြောင်း တိုက်ခိုက်မှုဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

အီရန်က ယူအေအီး၊ ဆော်ဒီအာရေးဗီးယားနဲ့ ကူဝိတ် အပါအဝင် ဒေသတဝှမ်း လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

အစ္စရေးကလည်း အီရန်အပြင် လက်ဘနွန်ကိုလည်း တိုက်ခိုက်နေတာကြောင့် အီရန် စစ်ပွဲဟာ ဒေသ တစ်ခုလုံး ပါဝင်တဲ့ စစ်ပွဲအဖြစ် အရှိန်မြင့်တက်လာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

အီရန်ဟာ မိမိတို့ ထင်ထားခဲ့သလောက် အင်အား တောင့်တင်းမှု မရှိဘူးလို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်က ပြောဆိုသလို ထရန့်ကလည်း စစ်ပွဲ မကြာခင် ပြီးဆုံးမယ်လို့ ပြောထား ပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားမှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက တစ်စည်ကို ဒေါ်လာ ၁၂၀ နီးနီးအထိ မြင့်တက်ခဲ့တဲ့ ရေနံဈေး ပြန်ကျဆင်းလာပါတယ်။

ဒီအချိန်မှာ အီရန်က သေဆုံးသွားခဲ့ ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ နေရာမှာ သူ့ရဲ့ သားဖြစ်သူနဲ့ အစားထိုးထားပြီး ပြည်သူတွေကလည်း ဆန္ဒပြဖို့ စီစဉ်နေကြပါတယ်။

အစိုးရကို ဆန့်ကျင် ဆန္ဒပြရင် မိမိတို့ရဲ့ ရန်သူတွေကို ဆက်ဆံပုံအတိုင်း ဆက်ဆံသွားမှာ ဖြစ်ကြောင်း အီရန် ရဲမှူးချုပ်က ပြောဆိုလာတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.