လန်ဒန်၊ မတ် ၁၁

အင်္ဂလန်ဘဏ်က နောက်ထပ် ထုတ်မယ့် ငွေစက္ကူအသစ်တွေမှာ ရာဇဝင်ဆိုင်ရာ ပုဂ္ဂိုလ်ကျော်တွေရဲ့ ပုံတွေ အစား တောရိုင်းတိရိစ္ဆာန်ပုံတွေကို ရိုက်နှိပ်ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

အများပြည်သူအနေနဲ့ ဘယ်တိရိစ္ဆာန် အမျိုးအစား၊ ဘယ်လို ငှက်အမျိုးအစားမျိုးရဲ့ ပုံကို ရိုက်နှိပ် ဖော်ပြလိုသလဲဆိုတာ ရွေးချယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

တောရိုင်း တိရိစ္ဆာန်တွေရဲ့ ပုံတွေဟာ အတုလုပ်ရခက်ခဲမှာ ဖြစ်ပြီး နိုင်ငံတဝှမ်း သဘာဝ ပတ်ဝန်းကျင်အတွက် အသိအမှတ်ပြုရာလည်း ရောက်လိမ့်မယ်လို့ အင်္ဂလန်ဘဏ်က ပြောပါတယ်။

၅ စတာလင်ပေါင်၊ ၁၀ စတာလင်ပေါင်၊ ၂၀ စတာလင်ပေါင်နဲ့ ၅၀ တန် စတာလင်ပေါင် ငွေစက္ကူတွေမှာ ရာဇဝင်ဆိုင်ရာ ပုံရိပ်တွေကို နှစ်ပေါင်း ၅၀ ကျော် ကြာအောင် ဖော်ပြခဲ့ပြီး တခါတလေမှာ အငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။

ငွေစက္ကူ အသစ်တွေမှာ ရိုက်နှိပ် ဖော်ပြပေးသွားမယ့် တောရိုင်းတိရိစ္ဆာန် အမျိုးအစားတွေကို ပညာရှင်အဖွဲ့က ချပြထားပြီး အများပြည်သူကို ရွေးချယ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ငွေစက္ကူ အသစ်တွေ ထုတ်လုပ်ရေး အဓိက ရည်ရွယ်တာကတော့ ငွေစက္ကူ အတုပြုလုပ်နိုင်တဲ့ အန္တရာယ်တွေ လျော့ပါးစေရေးအတွက် ဖြစ်တယ်လို့ အင်္ဂလန်ဘဏ်က ပြောပါတယ်။

ငွေစက္ကူတွေမှာ ဖော်ပြနေတဲ့ ပုံရိပ်တွေနဲ့ပတ်သက်လို့ ပြည်သူလူထု၊ ဆက်စပ်အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ဆွေးနွေးရာမှာ သဘာဝပတ်ဝန်းကျင် ပုံရိပ်တွေကို လူအများ သဘောကျကြတယ်လို့ အင်္ဂလန်ဘဏ်က ပြောပါတယ်။

ဗြိတိန်နိုင်ငံရှိ ငွေစက္ကူတွေမှာ တောရိုင်း တိရိစ္ဆာန် ပုံရိပ်တွေကို ရိုက်နှိပ်အသုံးပြုထားပြီး ဖြစ်ပါတယ်။

စကော့တလန်တော်ဝင်ဘဏ်က ထုတ်တဲ့ ငွေစက္ကူတွေမှာ မက်ကရယ်ငါး၊ ဖျံ၊ ရှဉ့်နီနဲ့ ဝံလက်ငှက်တို့ရဲ့ ပုံရိပ်တွေကို ရိုက်နှိပ် အသုံးပြုပြီး ဖြစ်ပါတယ်။

အင်္ဂလန်ဘဏ်က အသစ်ထုတ်မယ့် ငွေစက္ကူတွေမှာ ရိုက်နှိပ်ဖော်ပြဖို့ ပုံရိပ်ရွေးချယ်ရေး အဖွဲ့မှာ ပါဝင်သူတွေဟာ တောရိုင်းတိရိစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေ ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်ကတည်းက အင်္ဂလန်ဘဏ်ထုတ် ငွေစက္ကူတွေမှာ တော်ဝင်မျိုးနွယ်တို့ရဲ့ ပုံရိပ်တွေကို ဖော်ပြခဲ့ပြီး အနာဂတ်မှာလည်း ဆက်လက် ရိုက်နှိပ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အင်္ဂလန်ဘဏ်ဟာ ဘုရင်မ အဲလိဇဘက် ၂ ရဲ့ ပုံကို ငွေစက္ကူပေါ်မှာ ရိုက်နှိပ်ဖော်ပြခဲ့တာကလွဲလို့ အမျိုးသမီးပုံတွေ ဖော်ပြတာ မရှိတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လူမည်း ဒါမှမဟုတ် တိုင်းရင်းသား လူနည်းစုထဲက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုံရိပ်တွေကို ရိုက်နှိပ်ဖော်ပြမှု မရှိတဲ့ အတွက်လည်း အင်္ဂလန်ဘဏ် ဝေဖန်ခံနေရပါတယ်။

နွေရာသီရောက်ရင် အများပြည်သူအနေနဲ့ ငွေစက္ကူ အသစ်တွေမှာ ရိုက်နှိပ်ဖော်ပြမယ့် တောရိုင်း တိရိစ္ဆာန် အမျိုးအစားကို ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ဗြိတိန် ဇာတိ တောရိုင်း တိရိစ္ဆာန် အမျိုးအစားတွေထဲက ရွေးချယ်မှာ ဖြစ်ပြီး အိမ်မွေး တိရိစ္ဆာန်တွေကို ထည့်သွင်း စဉ်းစားမှာ မဟုတ်ပါဘူး။

အင်္ဂလန်ဘဏ်က ဘာမူဒါ ဘဏ္ဍာရေး အာဏာပိုင်အဖွဲ့ရဲ့ ၅ ပေါင်တန် ငွေစက္ကူလို နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ မျှော်လင့်ထားပါတယ်။

အဲဒီ ငွေစက္ကူကို နိုင်ငံတကာ ငွေစက္ကူ အဖွဲ့အစည်းက တစ်နှစ်တာ အကောင်းဆုံး ငွေစက္ကူ အဖြစ် နောက်ဆုံး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.