အမ်း၊ မတ် ၁၁

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို အချိန်သုံးနာရီခွဲခန့်ကြာမြင့်တဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမျိုးကို မရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလောစာရင်းအရ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရတာ ရှိတယ်လို့ အာရက္ခတပ်တော် AA က ဆိုပါတယ်။

ဒီဖြစ်ဉ်ဟာ အာရက္ခဒေသအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်သုံ့ပန်းအလောင်းအချို့မှာ မည်သူမည်ဝါမှန်း စစ်ဆေးဖို ခက်ခဲတာ၊ ခန္ဓာအစများ တစ်စမှ မရရှိတဲ့ ပျောက်ဆုံးအလောင်းတွေလည်း ရှိနေသေးတာကြောင့် အသေးစိတ် အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်ပေးမယ်လို့ ဆိုထားပါတယ်။

အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်ဟာ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို မတ်လ ၈ ရက်နေ့ မနက် ၁၁ နာရီကနေ မွန်းလွဲ ၂ နာရီခွဲအချိန်အထိ ဂျက်ဖိုက်တာ လေယာဉ် လေးစီး၊ Y-12 လေယာဉ် လေးစီးတို့နဲ့ အချိန် ၃ နာရီကျော်ကြာမြင့်တဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.