ဘန်ကောက်၊ မတ် ၁၁

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် လောင်စာ တင်ပို့မှု တားမြစ်လိုက်ပြီး ရက်ပိုင်းအကြာမှာ ထိုင်းနိုင်ငံ ပြင်ပသို့ ဒီဇယ် ၁၂၀ လီတာ မှောင်ခိုခိုးထုတ်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ နိုင်ငံသား တစ်ဦးကို ရဲတပ်ဖွဲ့ မတ် ၁၀ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အဲဒီ မြန်မာနိုင်ငံသားဟာ မတ် ၉ ရက်က ဘေးတွဲဆိုက်ကယ် တစ်စီးနဲ့ ၃၀ လီတာဝင် ဘူး ၄ ဘူးထဲ ဒီဇယ်တွေ ဖြည့်ပြီး မြန်မာနိုင်ငံဖက်ကို ကူးဖို့ ပြင်ဆင်နေချိန် နယ်စပ်က မီတာ ၃၀ အကွာလောက်မှာ ကန်ချာနာဘူရီ ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေက တဆင့် မလုပ်ဆောင်ဘဲ ကုန်စည်တင်ပို့မှုတို့နဲ့ စွဲချက်တင်ထားပါတယ်။

သူရဲ့ ယာဉ်ကို ရဲအရာရှိတွေက တားဆီး စစ်ဆေးချိန်မှာ အထောက်အထား စာရွက်စာတမ်းတွေလည်း မပါသလို ဘူးတွေထဲမှာ ဒီဇယ်တွေ သယ်ဆောင်လာတာတွေ့ရတာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူ့ကို မေးမြန်း စစ်ဆေးရာမှာ ဒီဇယ်တွေကို မြန်မာနိုင်ငံသို့ သွားရောက် ပို့ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ ဖြေကြားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သူသယ်လာတဲ့ ဒီဇယ်ဆီ ပမာဏဟာ ပစ်ကပ် ကားတစ်စီးရဲ့ ဆီတိုင်ကီ အပြည့်ဖြည့်လို့ရတဲ့ ပမာဏ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေနဲ့အတူ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုတွေ အနှောင့်အယှက် ဖြစ်နေပြီး ပင်လယ်ကွေ့ ရေနံတွေကို အများကြီး အားထားနေရတဲ့ အာရှနိုင်ငံတွေမှာ ဈေးနှုန်း မတည်ငြိမ် ဖြစ်တာတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။

အီရန်က သူတို့အပေါ် တိုက်ခိုက်မှုတွေ မရပ်မချင်း ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားမယ်လို့ ခြိမ်းခြောက်ထားပြီး အရှေ့အလယ်ပိုင်း ဒေသကနေ လောင်စာ တစ်လီတာတောင် အပြင်ကို မထွက်စေရဘူးလို့ ကြွေးကြော်ထားပါတယ်။

အဲဒီ လမ်းကြောင်းဟာ ကမ္ဘာကြီး အသုံးပြုနေတဲ့ လောင်စာ ငါးပုံတစ်ပုံ ဖြတ်သန်းရာ လမ်းကြောင်း ဖြစ်ပါတယ်။

အီရန် စစ်ပွဲကြောင့် လောင်စာနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ပိုများလာချိန်မှာ မြန်မာ စစ်ခေါင်းဆောင်တွေက ပုဂ္ဂလိကပိုင်ကားတွေကို အလှည့်ကျ အသုံးပြုခွင့်နဲ့ အတူ လောင်စာ သုံးစွဲမှု လျှော့ချရေး စီစဉ်ထားပါတယ်။

နယ်စပ်ဒေသက မြန်မာနိုင်ငံသားတွေကတော့ ဈေးသက်သာတဲ့ ထိုင်းနိုင်ငံထဲက ဆီဆိုင်တွေဆီ သွားပြီး အကြာကြီး တန်းစီစောင့်ပြီး ဝယ်ယူနေကြပါတယ်။

ဒီအတောအတွင်း ထိုင်းအစိုးရက အများပြည်သူ စိုးရိမ်မှု မရှိစေရေး လောင်စာဈေးနှုန်း မြင့်တက်မလာစေရေး ကြိုတင်ဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေပါတယ်။

မြန်မာနိုင်ငံကနေ နှစ်နိုင်ငံ နယ်စပ်ကို ကျော်ပြီး ထိုင်းနိုင်ငံထဲမှာ ဆီလာဝယ်တဲ့ မြန်မာ ကားသမားတွေ များလွန်းတာကြောင့် ထိုင်းနိုင်ငံသားတွေကြားထဲ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒီလို စိုးရိမ်မှုတွေ ရှိနေချိန်မှာ မြန်မာနဲ့ လာအိုကလွဲလို့ ပြည်ပသို့ လောင်စာ တင်ပို့မှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ထိုင်းအစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာထားပါတယ်။

Ref:The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.