ဘန်ကောက်၊ မတ် ၁၁

အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေ အဆိုးရွားဆုံး အခြေအနေ ဖြစ်လာခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံတဝှမ်း ဓာတ်ဆီတွေကို ညနှောင်းပိုင်းအချိန်တွေမှာ ပတ်ထားဖို့ အစိုးရက စီစဉ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ လက်ရှိ အခြေအနေက အဲဒီ အစီအစဉ်ကို အကောင်အထည် ဖော်ရလောက်တဲ့ အထိ မပြင်းထန်သေးဘူးလို့ ထိုင်း စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ထိုင်းနိုင်ငံရဲ့ အရန် လောင်စာအပေါ် သက်ရောက်မှုတွေ ပြင်းထန်လာမှပဲ ဓာတ်ဆီဆိုင်တွေကို ည ၁၀ နာရီ နောက်ပိုင်း ပိတ်ထားဖို့ စီစဉ်ထားတယ်လို့ အဲဒီ ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကဝေသစ်က ဆိုပါတယ်။

လက်ရှိ လောင်စာ ဖူလုံရေး အခြေအနေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူး ဆာရာဝပ်က ပြောပါတယ်။

နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံက ယာဉ်တွေ ဆီလာရောက်ထုတ်ယူမှုတွေ ပိုများလာတာကြောင့် ထိုင်းဒေသခံတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံရှိ ဓာတ်ဆီဆိုင် တချို့မှာ ဆီပြတ်လပ်နေပြီ ဖြစ်ကြောင်း ညွှန်ကြားရေးမှူးက အသိအမှတ် ပြုထားပေမယ့် ဈေးနှုန်း ခေါင်ခိုက်မလာစေရေး စွမ်းအင်ထောက်ပံ့မှု အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ပြည်သူအပေါ် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး မှာယူထားပြီး ဖြစ်တဲ့ ဆီတွေ အလျင်အမြန် ရောက်ရှိလာစေရေး ထိုင်း စွမ်းအင်ဝန်ကြီးဌာနက ဆီထောက်ပံ့ရေး လုပ်ငန်းတွေနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အစိုးရ လောင်စာ ရန်ပုံငွေကို အခုအချိန်မှာ ဆီဈေးမြင့်တက်မှု ကာမိစေဖို့ ထုတ်သုံးနေပြီး တစ်နေ့ကို ဘတ် ၁ ဘီလီယံကျော် ဆုံးရှုံးနေတယ်လို့ သိရပါတယ်။

ထိုင်းဟာ သူတို့ နိုင်ငံအတွက် လိုအပ်တဲ့ လောင်စာတွေကို ပြည်ပက အဓိက တင်သွင်းယူနေရတာ ဖြစ်ပြီး ထက်ဝက်လောက်ဟာ အရှေ့အလယ်ပိုင်း ဒေသက ဝယ်ယူသုံးစွဲနေတာ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီ ဒေသမှာ ပဋိပက္ခ ဖြစ်လာရင် ဒါမှမဟုတ် ပဋိပက္ခ ရှည်ကြာလာရင် လောင်စာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ် ကြီးမားနေပါတယ်။

လောင်စာ လုံလုံလောက်လောက် ထောက်ပံ့နိုင်ဆဲ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောထားပေမယ့် ကျေးလက်ဒေသတွေမှာ တောင်သူဦးကြီးတွေနဲ့ တခြား ပြည်သူတွေ လောင်စာ စတင်သိုလှောင်နေကြပြီ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.