ပုလော၊ မတ် ၁၁
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်ထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်လောက်မှာ တနင်္သာရီမြို့နယ် တဖီလေးခိုကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

အဲဒီဗုံးကြဲမှုကြောင့် တဖီလေးခိုကျေးရွာက ကလေးငယ် ခုနှစ်ဦး အပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး အရပ်သား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မတ်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းကလည်း တနင်္သာရီမြို့နယ် တကူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲပြီးနောက် ပွိုင့်ဖိုက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာပါ။

တကူရွာ ဗုံးကြဲမှုမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား သုံးဦး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ် ဗုံးကြဲသွားတဲ့ အဲဒီကျေးရွာ နှစ်ရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ စစ်ကော်မရှင်တပ်ဘက်က အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကိ ရည်ရွယ်ချက်ရှိ ဗုံးကြဲတာလို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ်က ကျေးရွာ နှစ်ရွာ လေကြောင်းဗုံးကြဲမှုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

