ညောင်လေးပင်၊ မတ် ၁၁
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က ကျေးရွာ သုံးရွာမှာ စစ်ကော်မရှင်တပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက်နေ့ ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကစလို့ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်း၊ ခရုကုန်းနဲ့ကျောင်းကုန်းကျေးရွာတို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ အဲဒီကျေးရွာတွေက ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
စစ်ကော်မရှင်တပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်ဖို့ “ပြည်သူကို ကယ်ထုတ်သော စစ်ဆင်ရေး”တစ်ရပ် ဖော်ဆောင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း စစ်ကော်မရှင်ဘက်က ၁၀ ဦးကျော် သေဆုံးပြီး ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၁၁ ဦး ကျဆုံးခဲ့ပါတယ်။
စစ်ဆင်ရေးပြီးနောက် ပြည်သူ ၃၀၀ ကျော်ကို ထိခိုက်မှုမရှိဘဲ ဘေးရန်ကင်းစွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ပူးပေါင်းတပ်တွေက လွတ်မြောက်ရာ ဒေသတွေသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီစစ်ဆင်ရေးကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေ၊ အထူးကွန်မန်ဒိုတပ်ရင်းတွေအပါအဝင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း လေကြောင်းကနေ ဗုံးကြဲသွားတဲ့ ဓားစာခံ အရပ်သား ၂၅ ဦး သေဆုံးခဲ့ပြီး အရပ်သား ၅ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် NUG ဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်ဒေသက အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး စစ်ကော်မရှင်ဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်

