ဝါရှင်တန်၊ မတ် ၁၀
အီရန် စစ်ပွဲ များမကြာခင် ပြီးဆုံးတော့မှာ ဖြစ်ပေမယ့် အမေရိကန်အနေနဲ့ လုံလောက်တဲ့ အောင်မြင်မှု မရသေးတာကြောင့် အဆုံးစွန် အောင်မြင်မှုရရှိဖို့ရည်ရွယ်ထားတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
ထရန့်ရဲ့ ပြောဆိုမှုနဲ့အတူ မတ် ၉ ရက်က တစ်စည်ကို ကန်ဒေါ်လာ ၁၂၀ နီးနီး မြင့်တက်ခဲ့တဲ့ ရေနံဈေးဟာ မတ် ၁၀ ရက် မနက်ပိုင်းမှာ ဈေးကျသွားခဲ့ပါတယ်။
အီရန်အနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို ဆက်လက် နှောင့်ယှက်နေမယ်ဆိုရင် သေဆုံး၊ မီးလောင်ပြီး ဒေါသတွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။
စစ်ပွဲက အရမ်းပြီးပြည်စုံနေပါပြီလို့ သူက စောစောပိုင်းကတည်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းတဝှမ်း ဘာရိန်း၊ ယူအေအီးနဲ့ လက်ဘနွန်တို့မှာ လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိထားတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။
လက်ဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ရသူ ၇ သိန်း ကျော်လာပြီ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
လက်ဘနွန်ကို အစ္စရေးက စတင် တိုက်ခိုက်ပြီးနောက် လူပေါင်း ၂ သိန်းကို စားနပ်ရိက္ခာနဲ့ ငွေသား အကူအညီ ပေးထားကြောင်း လက်ဘနွန်ရှိ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောပါတယ်။
လက်ဘနွန်ရှိ အီရန် ထောက်ပံ့ထားတဲ့ ဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့က သူတို့အနေနဲ့ ခုခံ တိုက်ခိုက်ရုံကလွဲပြီး တခြား ရွေးစရာ မရှိဘူးလို့ ပြောဆိုထားပါတယ်။
ထရန့်က အီရန်ကို ပစ်အား သိသိသာသာ တိုးမြှင့် တိုက်ခိုက်သွားမယ်လို့ ပြောထားပေမယ့် အီရန်သို့ မြေပြင်တပ်ဖွဲ့ဝင်တွေ စေလွှတ်မယ့် အရေး သတိကြီးကြီးထားပြီး စဉ်းစားနေပါတယ်။
အီရန်ရဲ့ နောက်ထပ် ခေါင်းဆောင်သစ် ရွေးချယ်ရာမှာ အမေရိကန် ဝင်ပါမှ ဖြစ်မယ်လို့ ထရန့်က ပြောထားပေမယ့် သေဆုံးသွားတဲ့ ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီရဲ့ နေရာမှာ သားဖြစ်သူနဲ့ အီရန်က အစားထိုးထားပြီး ဖြစ်ပါတယ်။
မို့ဂျ်တာဘာကို အီရန် ထိပ်တန်း ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီးနောက်မှာ စစ်ပွဲ ပိုရှည်ကြာလာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာခဲ့ပါတယ်။
မို့ဂျ်တာဘာ အနေနဲ့ ကြာကြာခံမှာ မဟုတ်ကြောင်းနဲ့ သူ့ကို အစ္စရေးကလည်း စောင့်ကြည့်ပြီးသား ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ပြီး ကမ္ဘာ့စွမ်းအင် စီးဆင်းမှုကို တားဆီးဖို့ အီရန်က ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် အဆ ၂၀ ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။
အဲဒီ ရေလက်ကြားကို ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနံ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်း စီးဆင်းနေတာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ပြင်သစ်က မြေထဲပင်လယ်နဲ့ ပင်လယ်နီသို့ စစ်သင်္ဘော တစ်ဒါဇင်နီးပါး စေလွှတ်ဖို့ စီစဉ်ထား ပါတယ်။
အီရန်အနေနဲ့ ဖိအားများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ သူရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့က ကြေညာချက်တွေလောက်ပဲ ထုတ်ပြန်ပြီး လက်တွေ့ ကူညီပေးတာမျိုး မတွေ့ရသေးပါဘူး။
ရုရှားနဲ့ တရုတ်က အီရန်ရဲ့ အချုပ်အခြာ အာဏာ ခုခံ ကာကွယ်ပိုင်ခွင့်ကို ထောက်ခံကြောင်း ပြောထားပါတယ်။
ဒီအတောအတွင်း ပြင်သစ်က စစ်သင်္ဘောတွေ စေလွှတ်ထားတဲ့အပြင် ဟောမု့ဇ် ရေလက်ကြားကို ထိန်းချုပ်ရေး ကြိုးပမ်းနေတယ်လို့ သမ္မတ မက်ကရွမ်က ပြောပါတယ်။
ဒါပေမဲ့ ချထားတဲ့ စစ်သင်္ဘောတွေဟာ ကာကွယ်ရေး အတွက်ပဲ ဖြစ်တယ်လို့ ပြင်သစ် သမ္မတက ပြောဆိုထားပါတယ်။
Ref:BBC

