သထုံ၊ မတ် ၁၀
မွန်ပြည်နယ် သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ အခုလအတွင်း လူငယ်တွေ ဆက်တိုက်ပေါ်တာဆွဲခံနေရပြီး အများစုဟာ စစ်မှုထမ်း တပ်သားစုဆောင်းခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ မတ်လ ၃ ရက်နေ့ကနေ မတ်လ ၇ ရက်နေ့အထိ ၅ ရက်အတွင်း သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့က ဒေသခံလူငယ် ၅၀ ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ သထုံမြို့နယ် ပေါ်တော်မူကျေးရွာအောက်ဘက် လယ်ကွင်းမှာ ပြုလုပ်နေတဲ့ အာဝါဒေးဝိုင်းက ပြန်လာတဲ့ လူငယ် ၂၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။
ဒါ့အပြင် မတ်လ ၅ ရက်နေ့ကလည်း သထုံမြို့နယ် ကတိုက်ကြီးကျေးရွာလမ်းဘေးမှာ ငါးမျှားနေကြတဲ့ လူငယ်အမျိုးသား ၅ ဦးကို သိမ်ဆိပ်နယ်မြေရဲစခန်းက ရဲတွေနဲပြည်သူ့စစ်အဖွဲ့တွေက ပေါ်တာဆွဲဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ အဲဒီလူငယ် ၅ ဦးထဲမှာ သုံးဦးကိုတော့ မိဘတွေက တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကျော်နဲ့ ပြန်ရွေးခဲ့တာကြောင့် ပြန်လွှတ်လာတယ်လို့ သိရပါတယ်။
အလားတူ ဘီးလင်းမြို့နယ် ဘီးလင်း – တောင်းစွန်လမ်းပိုင်းနဲ့ ဘီးလင်း – နှင်းပုလဲလမ်းပိုင်းတို့မှာလည်း အလုပ်ကနေ ပြန်လာတဲ့ လူငယ် ၂၅ ဦးထက်မနည်း ပေါ်တာဆွဲခံလိုက်ရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ဘီးလင်းမြို့မရဲစခန်း၊ သထုံအခြေစိုက် လေ့ကျင်းရေးတပ်နဲ့ သထုံမြို့နယ် မိုးလေဝသရုံးဟောင်း နေရာတု့ိမှာ ထိန်းသိမ်းထားပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၂ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၄၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်

