မော်လမြိုင် ၊ မတ် ၁၀

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ခြိုးခြံ ချွေတာရေး အကြောင်းပြချက်နဲ့ မော်တော်ယာဉ် သွားလာမှု အပေါ် စုံ၊ မ ကန့်သတ်ချက်ကြောင့် အခြေခံ ပြည်သူတွေ အကျပ်ဆိုက်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ အီရန်စစ်ပွဲကြောင့် လောင်စာဆီ တင်သွင်းတဲ့ သင်္ဘောတွေ သယ်ယူပို့ဆောင်ရာမှာ လမ်းကြောင်းတွေ ပိတ်ဆို့မှု ဖြစ်ပေါ်နေတဲ့အတွက် စက်သုံးဆီ ခြိုးခြံ ချွေတာဖို့နဲ့ ဖူလုံမှုရှိဖို့အတွက်ဆိုကာ မတ်လ ၇ ရက်နေ့ကစပြီး စုံ၊ မ စနစ်ကို လုပ်ဆောင်ခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ စုံ၊ မ စနစ်ဟာ ပုဂ္ဂလိက ယာဉ်တွေအနေနဲ့ လစဉ် စုံရက်တွေမှာ စုံနံပါတ် အက္ခရာ ပါတဲ့ ယာဉ်တွေသာ လမ်းပေါ်ထွက် မောင်းနှင်ရမှာ ဖြစ်ပြီး မရက်တွေမှာတော့ မနံပါတ် အက္ခရာ ပါတဲ့ ယာဉ်တွေသာ မောင်းနှင်ရမှာ ဖြစ်ပါတယ်။

ဒေသတွင်းမှာတော့ အခြေခံပြည်သူအများစုဟာ အလုပ်သွား၊ အလုပ်ပြန်အပါအဝင် အရေးကြီးကိစ္စတွေ လှုပ်ရှား သွားလာတဲ့နေရာမှာ မော်တော်ဆိုင်ကယ်တွေကိုသာ အဓိက အသုံးပြုကြတာဖြစ်တဲ့အတွက် စုံ၊ မ စနစ်ကြောင့် အကျပ်ဆိုက်စေတာ ဖြစ်ပါတယ်။

ဒေသခံ တစ်ဦးကတော့ စစ်ကော်မရှင်ရဲ့ စုံ၊ မ စနစ်ကြောင့် အခြေခံ လုပ်သားတွေကအစ အဆင်မပြေ ဖြစ်ကာ စီးပွားရေး ပိုကျပ်တည်းလာသလို လက်လုပ်လက်စားသမားတွေအတွက် ကျပ်တည်းမယ့် ကာလ တစ်ခု ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စုံ၊ မ ပြဿနာက လောလောဆယ် ကျွန်တော်တို့ ပိုပြီးတော့ အဆင်မပြေ ဖြစ်မှာပေါ့၊ ဘာဖြစ်လို့လည်း ဆိုတော့ အခုက စီးပွားရေးက ပိုကျပ်တည်းတယ်။ မရှိလို့ အလုပ်လုပ်စားပါတယ်ဆိုမှ ဒီလို အတိုင်းအတာ တစ်ခု ထောင်ချပြီးတော့ ငွေသား ပေးရမယ် ဆိုရင်တော့ ပိုပြီးတော့ မရှိ ဆင်းရဲသားတွေ အတွက်ရော လက်လုပ် လက်စားသမားတွေအတွက်ရော ပိုပြီးတော့ ကျပ်တည်းမယ့် ကာလတစ်ခု ပိုရောက်သွား နိုင်တာပေါ့”လို့ ဆိုပါတယ်။

ဒါအပြင် အခြေခံပြည်သူ လက်လုပ် လက်စားသမားတွေဟာ တစ်နေ့လုပ်မှ တစ်နေ့ စားရတာကြောင့် စုံ၊ မ စနစ်နဲ့ ပတ်သက်ပြီး သွားလာတဲ့ နေရာတွေမှာ အဆင်မပြေမှုတွေ ဖြစ်နေရတဲ့အတွက် စုံ၊ မ စနစ်ကို ပြန်လည် သုံးသပ် စေချင်တယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံ နောက်တစ်ဦးကလည်း စစ်ကော်မရှင်ရဲ့ စုံ၊မ စနစ်ဟာ ခရီးသွားလာတာကအစ အများကြီး အခက်အခဲ ဖြစ်ရတဲအပြင် ကုန်ဈေးနှုန်းတွေပါ ထပ်မံမြင့်တက်လာနိုင်တာကြောင့် အခြေခံပြည်သူတွေ ပိုမိုကျပ်တည်းလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူအတွက်က အများကြီး ခက်ခဲတာပေါ့ အဓိကတော့ နောက်ပိုင်း ကုန်ဈေးနှုန်းတွေရော ဘာတွေရော စားဝတ်နေရေးကိစ္စတွေကအစ အစစအရာရာ ကုန်ဈေးနှုန်းတွေ မြင့်တက် လာမယ်။လမ်းမှာဆိုရင်လည်း တကယ်လို့ ပေးရ ကမ်းရ သွားရရင် အခါတိုင်းထက် (၃)/(၄)/(၅)ဆ ပေးရ ကမ်းရပြီး သွားရမယ် ဆိုရင်တော့ အဓိက စားသုံးသူ ဖြစ်တဲ့ ကျွန်တော်တို့ ပြည်သူတွေမှာပဲ သွားပြီးတော့ သွားရောက် ထိခိုက်မှာပဲ”လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံတွေဟာ အရင်က မော်တော်ယာဉ်တွေရဲ့ လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ နံပါတ်ပြား၊ မှန်ထောင်နဲ့ ဦးထုပ်တွေကိုသာ စစ်ဆေးခဲ့ရာမှ လက်ရှိမှာတော့ စုံ၊ မ စနစ် အသက်ဝင် ပြီးနောက် မော်တော်ယာဉ် နံပါတ် စုံ၊ မ တွေကအစ စစ်ဆေးမှု တင်းကျပ်လာတာပါ။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ စုံ၊ မ စနစ်ကို ပညာပေးကာလအနေနဲ့ မတ်လ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့ အထိ သတ်မှတ်ထားပြီး အဲဒီနောက် ထွေအုပ် ဦးဆောင်တဲ့ One Stop Service အဖွဲ့နဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စုံ၊ မ ယာဉ်စနစ်အပေါ် လိုက်နာမှုမရှိဘဲ ဖောက်ဖျက် ကျူးလွန်ပါက ရာဇသတ်ကြီး ဥပ‌ဒေ ပုဒ်မ ၁၈၈နဲ့ အရေးယူမှာ ဖြစ်ပြီး ပြစ်ဒဏ် အနေနဲ့ အလုပ်မဲ့ ထောင်ဒဏ် ၁ လ၊ ငွေဒဏ် ကျပ် ၂ သောင်းအပြင် ဒဏ်နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်ရဲ့ မော်တော်ယာဉ် သွားလာမှု အပေါ် စုံ၊ မ စနစ် သတ်မှတ်ချက်ကြောင့် မော်တော်ယာဉ် သွားလာမှုတွေ လျော့ကျ လာပေမယ့် စက်သုံးဆီဆိုင်တွေမှာတော့ တန်းစီစောင့်ဆိုင်းပြီး အကန့်အသတ်နဲ့သာ ဝယ်ယူနေရဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.