ပုလော၊ မတ် ၁၀
တနင်္သာရီတိုင်း ပုလောမြို့နယ် တဖီလေးခိုကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသုံးဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က တဖီလေးခိုကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၆ နှစ်နဲ့ ၁၁ နှစ်အရွယ်တွေဖြစ်တဲ့ ကလေးငယ် သုံးဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသား သုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တဖီလေးခိုကျေးရွာဟာ တနင်္သာရီမြစ်ကမ်းဘေးမှာ တည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အုပ်ချုပ်နယ်မြေက ကျေးရွာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ကလည်း ပုလောမြို့နယ် တောင်ခေါင်းလောင်းကျေးရွာနဲ့ သင်္ကန်းတောကျေးရွာတို့ကို စစ်ကော်မရှင်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတပုံ – KNU

