ဇာဂရက် မတ် ၁၀

ခရိုအေးရှားမှာ ၂၀၀၈ ခုနှစ်မှာ ဖျက်သိမ်းခဲ့တဲ့မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေ ပထမဆုံးအကြိမ်အဖြစ် အသက်ဝင်လာပြီးနောက် ဆယ်ကျော်သက် လူငယ် ရာပေါင်းများစွာ စာရင်း ပေးထားကြောင်း သိရပါတယ်။

စစ်မှုထမ်းမယ့် လူငယ်တွေအနေနဲ့ သူတို့ရဲ့ နေအိမ်နဲ့ အနီးဆုံးမှာရှိတဲ့ စစ်စခန်းတွေဆီ စာရင်းပေးပို့ရမှာ ဖြစ်ပြီး ခရိုအေးရှား နိုင်ငံတဝှမ်း နေရာ သုံးနေရာရှိ စစ်စခန်းတွေမှာ စစ်သင်တန်း ပေးသွားမှာ ဖြစ်ပါတယ်။

စာရင်း ပေးသွင်းပြီး လူငယ်တွေကို လိုအပ်တဲ့ ပစ္စည်း ကိရိယာတွေ ထောက်ပံ့ ပေးသွားမှာ ဖြစ်ပြီး နောက်ထပ် နှစ်လအထိ စစ်စည်းကမ်းနဲ့ နေထိုင်ပြီး သင်တန်းတက်ကြရမှာ ဖြစ်ပါတယ်။

လူငယ်တွေကို စစ်မှုထမ်းခေါ်ယူမှုကြောင့် မိဘတွေ စိုးရိမ်နေကြပေမယ့် ခရိုအေးရှား စစ်ဦးစီးချုပ် တီယိုမာ ကွန်းဒစ်က လူငယ်တွေကို စောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

စစ်ပညာသင်ကြားချိန်မှာ လူငယ်တွေအနေနဲ့ ဖုန်း အသုံးပြုခွင့်မရှိပေမယ့် နားနေချိန်တွေမှာ အသုံးပြုလိုက်ရတယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် ခရိုအေးရှား လူငယ်တွေ စိတ်သက်သာရာ ရခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်း ပထမအသုတ်မှာ လူငယ် ၈၀၀ လောက်ပါဝင်ပြီး သူတို့ထဲက ထက်ဝက်လောက်ဟာ အစိုးရက ခေါ်တာကို မစောင့်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လာရောက် စာရင်းပေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဖို့ စာရင်း လာပေးသူ ၁၀ ဦးမှာ ၁ ဦးဟာ အမျိုးသမီးတွေ ဖြစ်ပြီး စစ်မှုထမ်းဖို့ တာဝန်ရှိတယ်လို့ သတ်မှတ်ထားသူတွေ မဟုတ်ပါဘူး။

ပထမအသုတ် စစ်မှုထမ်း ခေါ်ယူရာမှာ ငြင်းဆန်သူ ၁၀ ဦး ရှိတယ်လို့ ခရိုအေးရှား အရာရှိတွေက ပြောကြားပြီး သူတို့ကို အရပ်ဖက် တာဝန်တွေ ၄ လထမ်းဆောင်ခိုင်းမယ်လို့ သိရပါတယ်။

သူတို့အနေနဲ့ကတော့ စစ်မှုထမ်း လူငယ်တွေထက် နိုင်ငံတော် ထောက်ပံ့စရိတ် ထက်ဝက်အောက် နည်းမယ်လို့ အရာရှိတွေက ပြောပါတယ်။

ခရိုအေးရှားမှာ စစ်မှုထမ်းတဲ့ လူငယ်တွေအနေနဲ့ တစ်လကို ယူရို ၁၁၀၀ စီ ရရှိမှာ ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။

စစ်သားသစ်တွေကို လေ့ကျင့်ပေးရာမှာ ဒရုန်းထိန်းချုပ်ရေး နည်းပညာ၊ ဒရုန်း ကာကွယ်ရေး နည်းပညာ၊ ဆိုက်ဘာ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး နည်းပညာတွေအပြင် သမရိုးကျ တိုက်ခိုက်ရေး အတတ်တွေ ပါဝင်ကြောင်း သိရပါတယ်။

ယူကရိန်း စစ်ပွဲ ပြင်းထန်လာချိန်မှာ ခရိုအေးရှား အနေနဲ့ စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်း စစ်ပွဲနဲ့ ခရိုအေးရှားကြားမှာ ဟန်ဂေရီ တစ်နိုင်ငံတည်းသာ ခြားထားတာကြောင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒီအတောအတွင်း ဆာဘီးယားကလည်း နောက်ထပ် ၁၂ လ အတွင်း စစ်မှုထမ်း ခေါ်ယူမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

ခရိုအေးရှားက စတင်ပြီး စစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်းလိုက်တဲ့ အချိန်မှာ အိမ်နီးချင်းတွေကလည်း အဲဒီနည်းအတိုင်း လိုက်ပါ လုပ်ဆောင်လာဖွယ်ရှိနေပါတယ်။

ဆလိုဗေးနီးယားရဲ့ အဓိက အတိုက်အခံ ပါတီကလည်း စစ်မှုထမ်း ခေါ်ယူဖို့ ဖိအားပေးနေ ပါတယ်။

ခရိုအေးရှားဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ပြန်အသက်သွင်းတဲ့ နေတိုး အဖွဲ့ဝင် ၁၀ နိုင်ငံထဲက တစ်နိုင်ငံ ဖြစ်ပြီး ဂရိ၊ တူရကီ၊ စကန်ဒီနေဗီးယန်း နိုင်ငံတွေနဲ့ ဘောလ်တစ်ဒေသ နိုင်ငံတွေနဲ့ အတူတူ ဖြစ်လာပါတယ်။

ကမ္ဘာတဝှမ်း စစ်ပွဲတွေ ပိုများလာချိန်မှာ စစ်မှုထမ်းဥပဒေ အသက်သွင်းမှုလည်း ပိုများလာတာ တွေ့ရ ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.