ကျောက်ကြီး၊ မတ် ၁၀

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်း ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ အရပ်သား ၃၀ နီးပါး သတ်ဖြတ်ခံလိုက်ရတယ်လို့ KNU ဗဟိုက မတ်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

KNU ကျောက်ကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၂၀၊ ခလရ ၂၆၄၊ ခမရ ၄၃၉ တပ်ရင်း ပူးပေါင်းစစ်ကြောင်းတွေက ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ အရပ်သား ၁၆၀ နီးပါးကို အကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီနောက် မတ်လ ၇ ရက်နေ့မှာ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က ဒရုန်း၊ ဂျက်ဖိုက်တာလေယာဉ်တို့နဲ့ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၂၅ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ KNU ဗဟိုက ဆိုပါတယ်။

ဒါ့အပြင် အရပ်သား ၅ ဦးမှာ စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ထိခိုက်မှုနဲ့ သေဆုံးမှုစာရင်းကို KNU က ဆက်လက်စိစစ်အတည်ပြုနေဆဲဖြစ်ပြီး အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမယ်လို့ KNU ဗဟိုက အသိပေးထားပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ရဲ့ မတ်လ ၉ ရက်နေ့ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်း၊ ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အများအပြားသေဆုံးခဲ့ရပြီး ဒေသခံရွာသား ၅ ဦးကို သတ်ဖြတ်ခဲ့သလို ရွာသား ၁၆၀ နီးပါးကို ကျေးရွာစာသင်ကျောင်းမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်သတ်ဖြတ်မှုတွေကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN တို့က မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်အသိပေးထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အာဏာမသိမ်းခင်ကာလတွေကတည်းက အခုလိုမျိုး အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို နိုင်ငံအနှံ့ကျူးလွန်ခဲ့ပြီး အခုကာလတွေမှာသာ သူတို့ရဲ့ လုပ်ရပ်တွေကို ပြည်သူလူထုတွေအနေနဲ့ ပွင့်လင်းမြင်သာစွာ သိမြင်ရခြင်းဖြစ်တယ်လို့ KNU ဗဟိုက ဆိုပါတယ်။

စစ်ကော်မရှင်တပ်က နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး အဲဒီကာလတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ရုံသာမက ရွေးကောက်ပွဲနောက်ပိုင်းကာလတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုကျူးလွန်လျက်ရှိတယ်လို့ KNU ဗဟိုက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.