ဗထူး၊ ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယုံကြည်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မ တော် PDF တပ်ဖွဲ့ဝင်တွေ တစ်ဖွဲဖွဲ အလင်းဝင်လာတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရှမ်းပြည်နယ်၊ ဗထူးမြို့မှာ ပြုလုပ်တဲ့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)၊ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၁၂၉ သီဟတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။
ဒုစစ်ခေါင်းဆောင်က NUG၊ CRPHနဲ့ တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ PDF အဖွဲ့က တချို့ဟာ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယုံကြည်ပြီး လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကာ တစ်ဖွဲဖွဲ ဝင်ရောက် လာနေတယ်လို့ ဆိုပါတယ်။
PDF တွေ အလင်းဝင်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး လက်ရှိအချိန်ထိ အလင်းဝင်သူ စုစုပေါင်း ၁၃၄၁ ဦး ရှိပြီး ဆက်လက် အလင်းဝင်ရောက်ဖို့ ဆက်သွယ်နေကြတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။
PDF တွေ အလင်းဝင်တယ်လို့ စစ်မကော်မရှင်က ပြောပေမယ့် လက်တွေ့မှာ အလင်းဝင်တာ မရှိသလို ဒီပြောဆိုမှုဟာ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒုစစ်ခေါင်းဆောင် စိုးဝင်းကတော့ ဆက်လက် အလင်းဝင်ဖို့ ဆက်သွယ်နေကြသူတွေထဲက အမှောင်လောကအတွင်း ဥပဒေနဲ့ ငြိစွန်းခြင်းမရှိတဲ့ သူတွေကို နိုင်ငံတော်နဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အသီးသီးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကာ မိဘ ဆွေမျိုး ရင်ခွင်ထဲကို တက်နိုင်တဲ့ ထောက်ပံ့မှု ပေးပြီး လွှဲပြောင်း ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ခိုအောင်းလျက် ရှိတဲ့ မြို့နယ် တချို့ကိုလည်း စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ပြီး ရပ်ရွာ အေးချမ်း သာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် စစ်တပ်က နယ်မြေ တည်ငြိမ်း အေးချမ်းရေး လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အခုလို စစ်တပ်ရဲ့ ကြိုပမ်း ဆောက်ရွက်မှုကြောင့် တော်လှန်ရေး အဖွဲ့တွေ ခိုအောင်းနေတဲ့ မြို့ရွာ တော်တော်များများမှ ဆုတ်ခွာ ထွက်ပြေး နေကြပြီး ဖြစ်တယ်လို့လည်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဝါဒဖြန့် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

