ပိုင်ကျုံ၊ ဖေဖော်ဝါရီ ၂၇
ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေ ပိုင်ကျုံမြို့နယ်ထဲ စစ် ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် ထိခိုက်သေဆုံးမှု များပြားနေတယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစလို့ KNU ဌာနချုပ်နယ်မြေဖြစ်တဲ့ ပိုင်ကျုံမြို့နယ်ထဲ စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ နဲ့ နှစ်ဖက်တိုက်ပွဲ အပြင်အထန် ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က နှစ်ဦး သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တို့မှာလည်း ပိုင်ကျုံမြို့ကနေ စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA တပ်မဟာ ၇ တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲထဲမှာ စစ်ကော်မရှင်တပ်ဘက် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို စစ်ကော်မရှင်ဘက်က အရပ်သားကားတွေနဲ့ ဘားအံစစ်ဆေးရုံထံ ပို့ဆောင်ပေးနေတယ်လို့ နယ်မြေခံတွေက ဆိုကြပါတယ်။
လတ်တလော တိုက်ပွဲအတွင်း KNLA တပ်မဟာ ၇ ဘက်မှာ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ တိုက်ပွဲတွေပြန်ငြိမ်သွားပြီး စစ်ကော်မရှင်ဘက်ကတော့ လှိုင်းဘွဲမြို့ကနေ အင်အားထပ်ပို့လာတယ်လို့ KNLA နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ပိုင်ကျုံမြို့ပေါ်ကနေ တောင်လုံးကျော် လော်စောဒေး၊ဖားကပ်၊ဖားအိ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
KNU တပ်မဟာ ၇ အတွင်း နယ်မြေစိုးမိုးနိုင်ဖို့နဲ့ သိမ်းပိုက်ခံရတဲ့ စစ်စခန်းတွေ ပြန်သိမ်းနိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က အခုလို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

