ဒါကာ၊ ဖေဖော်ဝါရီ ၂၆
ဘင်္ဂလားဒေ့ချ်က အသစ်ခန့်အပ်လိုက်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ခါလီလာ ရာမန်ကို မြန်မာ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကနဲ့ အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အပြိုင်နှုတ်ခွန်းဆက် ကြိုဆိုခဲ့ကြပါတယ်။
ULA ဥက္ကဋ္ဌလည်း ဖြစ်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပထမဆုံးအကြိမ်အဖြစ် ချီးကျူးဂုဏ်ပြုစာပေးပို့ခဲ့ကြောင်း ဘင်္ဂလားဒေ့ချ် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း နှစ်နိုင်ငံဆက်ဆံရေး အားကောင်းအောင် ဆောင်ရွက်ရေး အခိုင်အမာ ကတိပြုထားပြီး နေပြည်တော်နဲ့ ဒါကာ အစိုးရကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။
ဝန်ကြီး မစ္စတာ ရာမန်ဆီသို့ ပေးပို့တဲ့ စာမှာ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရရှီလာတဲ့ လုပ်ပိုင်ခွင့် အသစ်အရ လက်တွေ့ကျတဲ့ ရေရှည်တည်တံ့မယ့် စစ်မှန်တဲ့ ဖြေရှင်းချက်တွေ ရှာဖွေရေး မိမိတို့နဲ့ ဆက်လက် လက်တွဲ ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင့် ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ချ်နဲ့ ရခိုင်ပြည်နယ်ကြား ရင်းနီးခင်မင်မှု လမ်းကြောင်း တစ်ခု ဖော်ဆောင်ဖို့ အခုအချိန် မိမိတို့မှာ အခွင့်အလမ်း တစ်ရပ် ရှိလာပြီ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရေးပါတယ်။
ဒီသတင်းစကားတွေက မြန်မာ စစ်ကော်မရှင်ကရော ULA (AA) ကပါ အသစ်ဖွဲ့စည်းထားတဲ့ ဘင်္ဂလားဒေ့ချ် အစိုးရနဲ့ လက်တွဲပြီး ရိုဟင်ဂျာ ပြဿနာ ဖြေရှင်းရေး အဆင်သင့်ရှိကြောင်း ဖော်ပြလိုက်ပုံရတယ်လို့ ဘင်္ဂလားဒေ့ချ် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ချ် အစိုးရအနေနဲ့ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ စစ်ကော်မရှင်နဲ့ရော ULA (AA) နဲ့ပါ အဆက်အသွယ်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ရာမန်က မကြာသေးခင်က ပြောကြားထားပါတယ်။
သူဟာ ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ချ် အစိုးရရဲ့ အကြံပေးအရာရှိချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
စစ်ကော်မရှင်ကရော ULA (AA) ကပါ အခုလို စာရေး ပေးပို့ပြီး ချီးကျူးဂုဏ်ပြုတာဟာ ထူးခြားကြောင်းတဲ့ စေ့စပ်ဆက်ဆံမှုတွေ ဆက်လက် လုပ်ဆောင်နေတဲ့ အချိန်မှာ ဖြစ်လာတာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းမှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ချ်အနေနဲ့ ရှည်ကြာနေပြီ ဖြစ်တဲ့ ရိုဟင်ဂျာ ပြဿနာ ငြိမ်းချမ်းစွာ ဖြေရှင်းရေး ကုလသမဂ္ဂအပြင် တခြား နိုင်ငံကြီးတွေနဲ့ ကြိုတင် စေ့စပ်မှုတွေလည်း ပြုလုပ်ထားကြောင်း အဲဒီ အရာရှိက ဆိုတာပါ။
လောလောဆယ် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ချ် နယ်စပ်မှာ ရိုဟင်ဂျာ လက်နက်ကိုင်တွေ တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိ တချို့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့တွေက ဘင်္ဂလားဒေ့ချ် ဒုက္ခသည်စခန်းမှာ လူသစ် စုဆောင်းတာတွေ ပြုလုပ်နေပြီး လက်နက်နဲ့ လူမှောင်ခိုကူးမှုတွေမှာ ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုတွေ ရှိနေပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း AA ကို တိုက်ခိုက်ရာမှာ မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေကို လက်နက် တပ်ဆင်ပေးတာတွေ စစ်သားသစ်အဖြစ် အင်အားစုဆောင်းတာတွေ လုပ်ဆောင်နေပါတယ်။
Ref:BSSNews

