ဆိုးလ်၊ ဖေဖော်ဝါရီ ၂၆
မိမိတို့ နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ထပ်မံ တိုးချဲ့ဖို့ အာရုံစိုက်သွားမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားကြောင်း နိုင်ငံပိုင် မီဒီယာ KCNA က ဖေဖော်ဝါရီ ၂၆ ရက်မှာ ဖော်ပြပါတယ်။
ပြုံးယမ်းနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေး အခြေအနေဟာ အမေရိကန်ရဲ့ သဘောထား အပေါ်မှာ လုံးလုံးလျားလျား မူတည်နေတယ်လို့လည်း ကင်ဂျုံအန်က ပြောပါတယ်။
မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ သီတင်းတစ်ပတ်နီးပါးကြာ ကျင်းပခဲ့တဲ့ နဝမအကြိမ်မြောက် ညီလာခံကို ဖေဖော်ဝါရီ ၂၅ ရက်က မြို့တော် ပြုံးယမ်းမှာ စစ်ရေးပြပွဲနဲ့ အတူ အဆုံးသတ်ခဲ့ပါတယ်။
လာမယ့် ၅ နှစ်တာအတွက် အဓိက မူဝါဒ ရည်မှန်းချက်တွေကို ချပြထားချိန် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက သတ်မှတ်တဲ့ အခြေအနေ ထူးထူးခြားခြား ပြောင်းလဲလာနေတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံ တစ်နိုင်ငံအနေနဲ့ နျူကလီးယား လက်နက်များ ပိုမို ထုတ်လုပ်ရေး အဓိကထားတဲ့ စီမံကိန်းတွေ ဦးစားပေး အကောင်းအထည် ဖော်သွားမှာ ဖြစ်ကြောင်း ကင်ဂျုံအန်က ပြောပါတယ်။
မြောက်ကိုရီးယားက နျူကလီးယားထိပ်ဖူး ၅၀ ဝန်းကျင် ထုတ်လုပ်ထားပြီး နောက်ထပ် ၄၀ အထိ ထုတ်လုပ်ရေး လိုအပ်တဲ့ ပစ္စည်းတွေ လက်ဝယ်ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်း ယူရေနီယံ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်နေကြောင်း တတ်သိပညာရှင်များအဖွဲ့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ပြောပါတယ်။
ရေအောက်ကနေ ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်မယ့် အစီအစဉ်တွေကို ကင်ဂျုံအန်က ချပြထားပါတယ်။
မောင်းသူမဲ့ လေယာဉ်တွေနဲ့ ဉာဏ်ရည်တု အသုံးပြုထားတဲ့ တိုက်ခိုက်ရေး စနစ်တွေ ထုတ်လုပ်ဖို့လည်း မြောက်ကိုရီးယားက စီစဉ်ထားပါတယ်။
အမေရိကန်က မြောက်ကိုရီးယားနဲ့ ထိပ်တိုက် ရင်ဆိုင်လိုတဲ့ မူဝါဒကို စွန့်လွှတ်ပြီး မိမိတို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေကို လေးစားသမှု ရှိတယ်ဆိုရင် အမေရိကန်နဲ့ အဆင်မပြေနိုင်စရာ အကြောင်းမရှိဘူးလို့ ကင်ဂျုံအန်က ပြောပါတယ်။
အာဏာရပါတီ ညီလာခံ ပိတ်ပွဲ အဖြစ် ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲသို့ ကင်ဂျုံအန်ရဲ့ သမီး ဖြစ်သူ ဂျူအေး တက်ရောက်ခဲ့တာကြောင့် ကင်ဂျုံအန်ရဲက အရိုက်အရာကို သူ့သမီးက ဆက်ခံ နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ပိုများလာခဲ့ပါတယ်။
Ref:Reuters

