ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆

၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးလအတွင်း လူသုံးဦး သေဆုံးခဲ့ပြီး စထရပ်တိုကောကပ်စ် ရောဂါ ကူးစက်မှုရှိတဲ့ လူနာ ၄၉ ဦး ရှိလာပြီးနောက် ထိုင်းပြည်သူတွေအနေနဲ့ မကျက်တကျက် ချက်ပြုတ်ထားတဲ့ ဝက်သား ဒါမှမဟုတ် ဝက်သားအစိမ်း မစားကြဖို့ ကျန်းမာရေး အရာရှိတွေက သတိပေးထားပါတယ်။

အဲဒီ ရောဂါပိုးဟာ ဝက်တွေကတဆင့် ဒါမှမဟုတ် ရောဂါပိုးပါဝင်တဲ့ ဝက်သားကတဆင့် ကူးစက်တာ ဖြစ်ပြီး ဝက်အချင်းချင်း ကူးနိုင်သလို လူသားများဆီသို့လည်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။

ရောဂါ ကူးစက်ခံရသူတွေကို ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၀ ရက်အတွင်း ပြည်နယ် ၂၈ ခုမှာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပြီး လူနာတွေဟာ အသက် ၅ နှစ်အောက် အရွယ်ကနေ ၉၀ အရွယ်အထိ ရှိတယ်လို့ ရောဂါ ထိန်းချုပ် ကာကွယ်ရေးဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး အစိုးရ လက်ထောက် ပြောရေးဆိုခွင့်ရှိ အမျိုးသမီး အီရင် ဖန်ရစ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

အသက် ၆၀ နဲ့အထက် အရွယ်တွေကြား ရောဂါကူးစက်မှု အများဆုံး ဖြစ်ပြီး လူနာ အများစုဟာ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၅၀ နဲ့ ၅၉ နှစ်အရွယ်ကြား ရောဂါကူးစက်မှု ဒုတိယ အများဆုံး ဖြစ်ပြီး ၄၀ နဲ့ ၄၉ နှစ် အရွယ်ကြား ရောဂါကူးစက်မှု တတိယ အများဆုံး ဖြစ်ကြောင်း သိရပါတယ်။

ရောဂါ ကူးစက်မှု ရာဇဝင်ကို လေ့လာရာမှာ မကျက်တကျက် ချက်ပြုတ်ထားတဲ့ ဝက်သား နဲ့ ဝက်သား အစိမ်း စားတာကြောင့် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

အရှေ့မြောက်ပိုင်းဒေသတွေမှာ ဝက်သား အစိမ်း ဒါမှမဟုတ် မကျက်တကျက် ချက်ပြီး အရက်နဲ့ မြည်းလေ့ရှိတဲ့ အလေ့အထ ရှိပြီး အဲဒီ ဒေသတွေမှာ ရောဂါကူးစက်မှု ပိုများတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဝက်မွေးမြူရေး လုပ်ငန်းတွေမှာ အလုပ်လုပ်သူတွေနဲ့ ဝက်သတ်လုပ်ငန်းတွေမှာ အကာအကွယ် မပါဘဲ အလုပ်လုပ်သူတွေ ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်မြင့်မားကြောင်း ထိုင်း ကျန်းမာရေး အရာရှိတွေက သတိပေးထားပါတယ်။

အထူးသဖြင့် လက်နဲ့ ခြေထောက်တွေမှာ ပွန်းပဲ့ရာတွေ၊ ဒဏ်ရာတွေ ရှိတဲ့ လူတွေ ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ်မြင့်မားကြောင်းလည်း အရာရှိတွေက သတိပေးထားပါတယ်။

နာခွန်ရက်ချာဆီမာ ပြည်နယ်မှာ ရောဂါ ကူးစက်သူ အများဆုံး ဖြစ်ပြီး အဲဒီနောက် ဖရေး၊ ချောင်ဘူရီ၊ ချိုင်ယာဖွန်နဲ့ ဆူရင်ပြည်နယ်တို့ အစဉ်လိုက် ရှိနေပါတယ်။

ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ် အများဆုံး လူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ အသည်းရောဂါ နာတာရှည် ဖြစ်နေသူတွေ၊ ဆီးချိုရောဂါ ရှိသူတွေ၊ ကျောက်ကပ် ပျက်စီးနေသူတွေနဲ့ ကင်ဆာရောဂါရှိသူတွေ၊ သရက်ရွက်ကို တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အားလုံး ခွဲစိတ် ထုတ်ပယ်ထားသူတွေ ပါဝင်ကြောင်း ကျန်းမာရေး အရာရှိတွေက သတိပေးထားပါတယ်။

ဒီအန္တရာယ်များတဲ့ အုပ်စုဟာ ရောဂါ ကူးစက်ခံရရင် ရောဂါ လက္ခဏာ ပြင်းထန်နိုင်ပြီး သေဆုံးနိုင်မှု အန္တရာယ်လည်း မြင့်မားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိ အမျိုးသမီးက ပြောကြား ပါတယ်။

အများပြည်သူအနေနဲ့ ဝယ်ယူတဲ့ ဝက်သားဟာ ဘေးကင်းကြောင်း အသိအမှတ်ပြုထားတဲ့ ဝက်သား ဖြစ်ဖို့ သတိထားကြပါလို့ အစိုးရ ပြောရေးဆိုခွင့်ရှိ အမျိုးးသမီးက သတိပေးထား ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.