တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၆

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၅၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ အပိုင်း ၃ ကျင်းပခဲ့တဲ့ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

မီးရှို့ဖျက်ဆီးခံရတဲ့ မြို့နယ်တွေဟာ ပုလော၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တို့က နေအိမ်တွေ ဖြစ်ပြီး ပုလောမြို့နယ်က နေအိမ် အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကော်မရှင်တပ်ရဲ့ နယ်မြေရှင်းလင်းမှုနဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် အရပ်သားပြည်သူ ၈၅၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုမှာ စစ်ကော်မရှင်တပ်က ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတာကြောင့် စစ်ဘေးရှောင်အများစုဟာ ဆေးဝါးပြတ်လပ်နေပြီး အရေးပြားရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောကြပါတယ်။

တနင်္သာရီတိုင်းမှာ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ၅၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ဒရုန်းအသုံးပြု တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာတယ်လို့ FE5 Thanintharyi ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.