မြဝတီ၊ ဖေဖော်ဝါရီ ၂၆

ကရင်ပြည်နယ် မြဝတီမြို့နယ် ကျေးရွာချင်းဆက် လမ်းပိုင်းတစ်ခုမှာ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် DKBA တပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီမြို့နယ် အတွင်းမဲကနယ်ကျေးရွာကနေ ဖလူးကျေးရွာဘက်ကိုသွားတဲ့ လမ်းပိုင်းတစ်နေရာမှာ အရပ်သားကားတစ်စီးနဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ ကားတစ်စီးတို့ကို စစ်ကော်မရှင်တပ်က ဒရုန်းဗုံးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အတွင်းမဲကနယ်-ဖလူးလမ်းပိုင်းမှာ တောင်ယာကနေပြန်လာတဲ့ ဒေသခံရွာသားကားတစ်စီးဟာ လမ်းမှာပျက်နေစဉ် DKBA တပ်ဖွဲ့နဲ့ဆုံတွေ့တာကြောင့် ကားပြင်ပေးဖို့ အကူအညီတောင်းရာကနေ DKBA တပ်သားတွေက ကားပြင်ပေးတဲ့အချိန် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုအတွင်း DKBA တပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အရပ်သား သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီဖြစ်စဉ်ကြောင့် အတွင်းမဲနယ်-ဖလူးလမ်းပိုင်းမှာ သွားလာသူတွေအနေနဲ့ သတိပြုသွားလာကြဖို့ သတိပေးတာတွေ ရှိနေပါတယ်။

မြဝတီမြို့နယ် အတွင်းမဲကနယ်ကျေးရွာကနေ ဖလူးကျေးရွာဘက်ကိုသွားတဲ့ လမ်းဟာ တောလမ်းဖြစ်ပြီး အဲဒီလမ်းကို DKBA တပ်တွေ သွားလာအသုံးပြုနေသလို ဒေသခံတွေကလည်း အသွားအလာပြုလုပ်နေကြတယ်လို့ နယ်မြေခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် အတွင်းမဲကနယ်ကနေ ဖလူးကျေးရွာကို သွားတဲ့ လမ်းအနီးအနားမှာလည်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး ဖြန့်ခွဲဝင်ရောက်နေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားတဲ့အပြင် စစ်ကော်မရှင်တပ်က ဒရုန်းတွေအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဟာ NCA စာချုပ်ရေးထိုးထားတဲ့ ကရင်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သလို စစ်ကော်မရှင်က ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေမှာလည်း အစဉ်အမြဲသွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းက DKBA ဌာနချုပ်ဆုံဆည်းမြိုင်ကို စစ်ကော်မရှင်တပ်က လေယာဉ်ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့သေးတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-DKBA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.