နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၆

အာဏာသိမ်း စစ်တပ်အနေနဲ့ အစိုးရသစ် ဖွဲ့စည်းမယ့် မျက်နှာဖုံးကို ပြောင်းတပ်ပေမယ့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဆက်လက်တာဝန်ခံရမယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင် စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်ဆန်းပိုင်းအတွင်း အပိုင်းသုံးပိုင်းနဲ့ စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး မတ်တတိယပတ်ကစပြီး တတိယကြိမ် လွှတ်တော်ခေါ်ယူဖို့ စစ်ကော်မရှင်က ကြိုတင်ပြင်ဆင်နေတာပါ။

ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူကာ အစည်းအဝေးကျင်းပနိုင်ရေး အစိုးရနဲ့ တိုင်း၊ပြည်နယ်တွေအလိုက် ပြင်ဆင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း နောင်ဝိုး ၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ်တို့မှာရှိတဲ့ နယ်မြေခံတပ်တွေကို သွားရောက်ခဲ့ချိန် အရာရှိ စစ်သည် မိသားစုတွေနဲ့ သီးခြားစီ တွေ့ဆုံချိန်မှာ သူက ပြောဆိုခဲ့တာပါ။

တတိယအကြိမ် သက်ဆိုင်ရာ လွှတ်တော်အလိုက် ပထမပုံမှန်အစည်းအဝေးတွေ ကျင်းပဖို့ လုပ်ဆောင်နေပြီး ဧပြီလဆန်းမှာ သမ္မတရွေးချယ်လို့ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံ့တာဝန်ကို ပြန်လည်လွှဲပြောင်းပေးမယ်လို့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။

အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေလည်း ရှိနေတာပါ။

ဒီအခြေအနေမှာ အာဏာသိမ်းမှုကြောင့် လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မျက်နှာဖုံးပြောင်းတပ်လာမယ့် နိုင်ငံ့အကြီးအကဲ Head of State အဖြစ် သမ္မတ ဦးဆောင်တဲ့ အစိုးရပေါ် တာဝန်ယူမှု တာဝန်ခံမှုတွေ ကျရောက်လာတော့မှာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က စစ်တပ်အနေနဲ့ ဘယ်လိုအစိုးရပဲ ပြောင်းပြောင်း ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ကွင်းလုံးကျွတ် ရှောင်ထွက်သွားဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“သူ့ဟာသူ (စစ်တပ်) ဘယ်အစိုးရပဲပြောင်းပြောင်း ဒီဥစ္စာ တာဝန်ခံမှုအနေနဲ့တော့ ဆက်ရှိနေမယ်။ ဒီအတွက်တော့ ကွင်းလုံးကျွတ် လွတ်သွားမယ် မထင်ဘူး။ ဒီဥစ္စာဟာ ဒီတစ်ခေါက် မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး ထူးဆန်းတဲ့ အခြေအနေဖြစ်တယ်။ အဲဒါကြောင့် တချို့တွေက ဦးသိန်းစိန်လက်ထက်က ၂၀၁၀ နဲ့ တူမလားဆိုရင် အစောနပြောတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေက မတူနိုင်တဲ့ အခြေအနေအတွက် ဒီဟာတွေက ကွင်းလုံးကျွတ် ရှောင်ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း ချင်းပြည်နယ်မှာ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု ၅ ခုအတွက် အရေးယူနိုင်ရေး ချင်းလူ့အခွင့်အရေးအဖွဲ့က အာဆီယံအဖွဲ့ဝင် တီမောအစိုးရထံ တိုင်ကြားစာ ပေးပို့ထားတာပါ။

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အပါအဝင် စစ်ဗိုလ်အရာရှိ ၁၀ ဦးကို တရားစွဲဆိုဖို့ တီမောနိုင်ငံ ပြည်သူ့အစိုးရရှေ့နေရုံးက အမှုဖွင့်လက်ခံခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ အချက်အလက်ပေါင်း တစ်သိန်းကျော်နဲ့ သက်သေထွက်ဆိုချက်တွေကို စုဆောင်းနိုင်ခဲ့တယ်လို့ အသိပေးထားတာပါ။

အချက်အလက်တွေထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အခြားသော ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် ကျူးလွန်သူတွေကို ဖော်ထုတ်တာလည်း ပါဝင်ပါတယ်။

လက်ရှိမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံ တချို့ကလွဲရင် အာဆီယံ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက အသိအမှတ်ပြုတာတွေ မရှိသေးပါဘူး။

ဒါပေမယ့် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်လာမယ့် အစိုးရဟာ လူထုကနေ ရွေးကောက်တင်မြှောက်ထားတယ်ဆိုတဲ့ ခေါင်းစဉ်အောက်က မြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူ လူတန်းစားတစ်ရပ် ဖြစ်လာတော့မှာပါ။

ဒီအပေါ် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဆီက အသိအမှတ်ပြုခံရရေး စစ်တပ်ဘက်က ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ ပြဖို့ အဝေးကြီး လိုသေးတယ်လို့ ဦးတိုးဇော်လတ်က ထောက်ပြပါတယ်။

“ဘာမှ မြင်သာ ထင်သာ ပြုပြင်ပြောင်းလဲမှု ကြီးကြီးကျယ်ကျယ် မရှိဘဲနဲ့တော့ ကောက်ကာ ငင်ကာကြီး နိုင်ငံတကာအသိုင်းအဝိုင်းက လောလောဆယ်ဆယ် ရွေးကောက်ပွဲကို အသိအမှတ်မပြုတာ EU တို့ UN တို့အပြင် ထားလိုက်ပါတော့။ အာဆီယံအဖွဲ့အနေနဲ့တောင်မှ အသိအမှတ်ပြုမှု မရှိသေးဘူး။ အဲဒါကြောင့် အဲဒီလို အသိအမှတ်ပြုမယ်ဆိုရင်တော့ ဒီထက်ပိုပြီး မြင်သာထင်သာ တိုးတက်မှုတွေ ပြဖို့ အဝေးကြီးလိုပါသေးတယ်လို့ ပြောပါရစေဗျ”လို့ ဆိုပါတယ်။

ဒုစစ်ခေါင်းဆောင်ကတော့ စစ်တပ်အနေနဲ့ အစိုးရတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ရမှာဖြစ်ပြီး စွမ်းရည်နဲ့ စွမ်းအားရှိတဲ့ စစ်တပ်ဖြစ်အောင် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းထားတာပါ။

တစ်ဦးချင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုလည်း တုံးတိုက်တိုက် ကျားကိုက်ကိုက် ၊ လှေခွက်ချည်းကျန် အလံမလှဲတဲ့ စိတ်ဓာတ်တွေနဲ့ သင်ယူထားတဲ့ စစ်ပညာတွေကို ကြံရည်ဖန်ရည်နဲ့ အသုံးချနိုင်ဖို့ လိုတယ်လို့ တပ်နယ်က အရာရှိစစ်သည်တွေကို ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.