ခေါဇာ၊ ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ခေါဇာဈေးကြီးအရှေ့မှာ စစ်ကော်မရှင်တပ်ရဲ့ လှည့်ကင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ လှည့်ကင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ခိုက်မှုပြီးနောက် ညီနောင်တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက် မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ PDF နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် ၈၀၀၂ တို့က ပူးပေါင်းပါဝင်ခဲ့ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSFR နဲ့ ညီနောင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ပိတ်ဆို့တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း မွန်ပြည်တော်လှန်ရေးတပ် MSFR က ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး စစ်ကော်မရှင်ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
ရေးမြို့နယ်မှာ ရွေးကောက်ပွဲပြီးနောက် စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF

