မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄
အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ဘဏ်ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေပါအဝင် စီးပွားရေးလုပ်ငန်း အားလုံးနီးပါး လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘဏ်ငွေထုတ်ယူရာမှာ ရိုးရိုးအကောင့်အပြင် စပယ်ရှယ် အကောင့်တွေကအစ အရင်လို ငွေသားကို လိုသလောက် ထုတ်ယူလို့ မရတော့သလို အကန့်အသတ်နဲ့ ငွေသား အနည်းငယ်လောက်သာ ရတဲ့အတွက် လုပ်ငန်း လည်ပတ်ဖို့ အခက်ကြုံနေကြတာပါ။
အခုလို ငွေသား လိုသလောက် ထုတ်ယူလို့ မရတော့တာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနဲ့ တွေ့ဆုံပွဲမှာ စစ်ကော်မရှင် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေရဲ့ ညွှန်ကြားချက်ကြောင့်လို့ သိရပါတယ်။
ဒေါ်သန်းသန်းဆွေက ပြည်တွင်း စီးပွားရေး နယ်ပယ်မှာ ဒေါ်လာနဲ့ ရွှေအပါအဝင် ဈေးကွက်အတွင်း ဈေးကစားတဲ့ နေရာသို့ ငွေကြေးတွေ မရောက်စေဖို့အတွက် ငွေသား ထုတ်ယူမှုတွေကို ကန့်သတ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စီးပွားလုပ်ငန်းရှင် တစ်ဦးကတော့ ဘဏ်တွေမှာ ငွေသားတွေ လိုသလောက် ထုတ်ယူလို့မရတာကြောင့် ငွေသားနဲ့ အရောင်းအဝယ် ပြုလုပ်နေရတဲ့ အသေးစား လုပ်ငန်းတွေကအစ အခက်အခဲ ဖြစ်ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဘဏ်ကနေ သူငွေမထုတ်ပေးတာလည်း သူဆီမှာရှိတဲ့ သူ့ဘဏ်မှာ ဝင်တဲ့ ငွေသား လောက်ပဲ ပြန်ထုတ်ပေးတာဆိုတော့ ဝင်တာနည်းရင် သူလည်း အထုတ် နည်းတာပေါ့။ ဒီငွေသားနဲ့ အလုပ်သမားတွေရယ်။ တချို့ အသေးအမွှားတွေ ဝယ်တဲ့ ကိစ္စတွေ ဆိုလို့ရှိရင်တော့ အခက်အခဲ ဖြစ်တာပေါ့။ တချို့ ငွေသားနဲ့ပဲ ရှင်းလို့ ရတဲ့ တောင်သူတွေ အသေးစား တွေပေါ့နော်၊ သူတို့ တစ်ရက်စာ တစ်ရက်စာ ရော်ဘာ ရောင်းတဲ့သူတွေ၊ အသီးအနှံ ရောင်းတဲ့ သူတွေကျတော့ အခက်အခဲ ရှိတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် အခုလို ဘဏ်တွေမှာ ငွေသားကို အရင်လို လိုသလောက် ထုတ်ယူလို့ မရတဲ့ အတွက် နေ့စဉ် လာရောက်ပြီး ခွဲထုတ်ရတာကြောင့် အချိန် ကြန့်ကြာမှု ရှိတာအပြင် တခြား အပြင်ကနေ ငွေသား လှည့်လည် ရတာတွေကြောင့်လည်း အပိုငွေ ကုန်ကျတာတွေ ဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ကာလတုန်းက ဘဏ်တွေမှာ စပယ်ရှယ်အကောင့် ဖွင့်ပါက ငွေသား အပြည့်အဝ ထုတ်ယူလို့ ရမယ်ဆိုပြီး စစ်ကော်မရှင်ဘက်က ကြေညာခဲ့ကြပေမယ့် လက်ရှိမှာတော့ စပယ်ရှယ် အကောင့်တွေကအစ ငွေသား လိုသလောက် ထုတ်ယူလို့ မရတော့ဘူးလို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ကန့်သတ်ချက်ကြောင့် ဘဏ်တွေဘက်က တစ်ရက်လျှင် ကျပ် သိန်း ၂၀ လောက် ငွေသား ထုတ်ပေးနေပြီး တချို့စပယ်ရှယ်အကောင့်တွေကိုလည်း ဘဏ်တွေရဲ့ ငွေသားရှိမှုအပေါ်မှာသာ အနည်းငယ် ခွဲဝေထုတ်ပေးတာလို့ လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စီးပွားရေးပညာရှင်တွေကတော့ စစ်ကော်မရှင်ရဲ့ ဘဏ်ငွေထုတ်ယူမှု ကန့်သတ်ချက်ကြောင့် မြန်မာ့စီးပွားရေး လုပ်ငန်း အများစု ရပ်နားရမယ့် အခြေအနေ ဆိုက်ရောက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

