မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၂၇ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၀၉ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တာပါ။
စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်း၊ ဘုန်းကြီး ကျောင်းတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် ၅၂ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းမှာ ၂၉ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းရဲ့ တစ်ဝက်နီးပါးကို စစ်ကိုင်းတိုင်းက ခံစားခဲ့ရပြီး အရပ်သား သေ ဆုံးမှုနဲ့ ဒဏ်ရာရရှိမှု အများဆုံး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ နှိုင်းယှဉ်ပါက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ အနည်းငယ် လျော့သွားခဲ့ပေမယ့် အရပ်သားပစ်မှတ်တွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်မြင့်တက်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

