ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အသိပေး ထုတ်ပြန်ပါတယ်။
အင်အား ၂၅၀ လောက်ရှိတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကစလို့ ကျိုက်ထိုမြို့နယ်ရှိ ခရွဲကျေးရွာအုပ်စုနဲ့ဝင်းကံကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် အဲဒီနေ့ မနက်ပိုင်းမှာပဲ ရွဲကျေးရွာအုပ်စုရှိ စစ်ကွင်းရွာအနီးမှာ တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ကွင်းနဲ့မုက္ခမော့ကျေးရွာက ဒေသခံ သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကော်မရှင်တပ်ဟာ အခိုင်ကျေးရွာနေ ဦးကြက်ဥကိုလည်း ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ဝင်းကံကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၉ ရွာက ဒေသခံ ၁၂၀၀၀ ကျော် စစ်ရှောင်နေရတာပါ။
လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေဖြစ်တဲ့ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ KNU ဗဟိုက အသိပေး ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာ ပတ်ဝန်းကျင်မှာ ဆက်လက်တပ်စွဲထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

