နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၀

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးဆင့်ကဲအခင်းအကျင်းတွေကို တဆင့်ချင်း လုပ်ဆောင်နေတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ယာယီလှုံ့ဆော်မှုထက် လက်တွေ့ကျတဲ့ စုဖွဲ့ပြင်ဆင်မှုတွေ လုပ်ဖို့ လိုတယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများ အစည်းအဝေး (၁/၂၀၂၆) ကို အခုလအတွင်း ၅ ရက်တိုင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အစည်းအဝေးမှာ စစ်ရေးဆိုင်ရာ အခြေခံသဘောတရားတွေ ပြည်သူ့စစ် မဟာဗျူဟာ ကျင့်သုံးမှုတွေ ကွပ်ကဲမှုနဲ့ စစ်ဦးစီးစနစ်တွေ စစ်ဘက်ခေါင်းဆောင်မှုတွေ တပ်တည်ဆောက်ရေးလုပ်ငန်းတွေ အပါအဝင် စစ်ရေးသုံးသပ်ချက်နဲ့ ၂၀၂၆ ရည်မှန်းချက်တွေကို ဆွေးနွေးခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း စစ်အနိုင်တိုက်ရေး ရည်မှန်းချက်ကို အ‌ကောင်အထည်ဖော်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကနေတဆင့် နှစ်ဦး Motivation အဖြစ် ကြွေးကြော်ထားတာပါ။

လေ့လာသူတွေနဲ့ လူထုတွေရဲ့ သတိထားမိနေတဲ့ အချက်မှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေဟာ စကားလုံးတွေနဲ့သာ တိုက်နေပြီး မြေပြင်မှာ ထိရောက်တဲ့ အရွေ့တစ်ခု တက်လှမ်းနိုင်ဖို့ ပြင်ဆင်မှုမှာ အားနည်းနေတဲ့ အမြင်မျိုး ရှိနေပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက NUG အနေနဲ့ လူထုကို စစ်ရေးနိုင်ငံရေးအရ ယာယီလှုံ့ဆော်ရုံ မဟုတ်ဘဲ မဟာဗျူဟာကျတဲ့ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ အကြံပြုပါတယ်။

“ကိုယ့်မှာရှိတဲ့အားတွေကို အခြေပြုမယ်။ ကိုယ့်မှာ အားနည်းချက်တွေကို သေချာ စနစ်တကျ ထုတ်ဖော်သုံးသပ်ပြီးတော့မှ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်။နောက်တစ်ခုကတော့ ရန်သူ့ရဲ့ အားနည်းချက်နဲ့ ကိုယ့်ရဲ့ အားသာချက်ကို အခြေခံတဲ့ စစ်ရေးဗျူဟာဖော်ဆောင်မှုတွေ ချဉ်းကပ်လုပ်ဆောင်သင့်တယ်။ လူထုကို စစ်ရေးနိုင်ငံရေး ယာယီ Motivation (လှုံ့ဆော်မှု) လောက် မဟုတ်ဘဲနဲ့ တကယ်ကို မဟာဗျူဟာကျတဲ့ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်။ စုဖွဲ့မှုတွေ ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါဆိုရင် ကျွန်တော်တို့ တကယ် မြေပြင်မှာ လိုအပ်နေတဲ့ စစ်ရေးနိုင်ငံရေးအရွေ့တွေ ဖော်ဆောင်နိုင်မယ် လူထုလိုလားတဲ့ အောင်မြင်မှုတွေကို သယ်ဆောင်လာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ဒါတွေကို ကျွန်တော်တို့ အကြံပြုချင်တယ်”လို့ ဆိုပါတယ်။

စစ်ရေးသုံးသပ်ချက်နဲ့ ၂၀၂၆ ရည်မှန်းချက်တွေထဲမှာ ပထမအကြိမ် တပ်မှူးကြီးများ အစည်းအဝေးကနေ အစပြုချမှတ်ခဲ့တဲ့ စစ်မဟာဗျူဟာနဲ့အညီ အခုနှစ်အတွင်း လုပ်ဆောင်ရမယ့် စစ်ရေးရည်မှန်းချက်တွေနဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရောက်စေမယ့် အဆုံးအဖြတ် ထိုးစစ်ဆီ တက်လှမ်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမယ့် တပ်တည်ဆောက်ရေးနဲ့ စစ်ရေးပြင်ဆင်မှု လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။

ပြီးခဲ့တဲ့နှစ် ဩဂုတ်စတုတ္တပတ်တုန်းက တပ်မှူးကြီးများ အစည်းအဝေးကို ပထမဆုံံးအကြိမ် ကျင်းပခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။

အထူးတိုင်းစစ်ဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိပြီး အမှတ် (၁) စစ်ဆင်ရေးနယ်မြေရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်က တိုင်းစစ်ဌာနဖြစ်တယ်လို့ ဩဂုတ် ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် အထူးတိုင်းစစ်ဌာနအနေနဲ့ နည်းဗျူဟာတွေ၊ တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေကို ဦးစီးကွပ်ကဲပြီး မဟာမိတ် EROs တပ်ဖွဲ့တွေ၊ Local PDF တွေနဲ့အတူ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားဖို့ ဖြစ်ပါတယ်။

လက်ရှိမှာ နွေဦးတော်လှန်ရေးဟာ ဆယ်စုနှစ်တစ်ခုရဲ့ ထက်ဝက်ကျော်ကာလကို ဝင်ရောက်လာပေမယ့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲအတွက် အခုထက်ထိ တပ်ပေါင်းစုအသွင် မစုဖွဲ့နိုင်သေးသလို အထွေထွေထိုးစစ်ကြီးလည်း မဆင်နွှဲနိုင်သေးပါဘူး။

တစ်ဘက်မှာ စစ်တပ်ကလည်း နိုင်ငံရေးတရားဝင်မှုရဖို့ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ဖော်ဆောင်လာမှာဖြစ်တဲ့အတွက် ဒီနှစ်အတွင်း နိုင်ငံရေးစစ်ရေးအခင်းအကျင်းဟာ အများကြီးပြောင်းလဲသွားမယ့် အနေအထားလို့ လေ့လာသူတွေက ဆိုပါတယ်။

လေတပ် CDM တပ်ကြပ်ကြီး ဇေယျက လက်ရှိ အခြေအနေမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးပြင်ဆင်မှုကို ယှဉ်လိုက်ရင် အဆုံးအဖြတ်ပေးနိုင်တဲ့ ထိုးစစ် မဖြစ်နိုင်သေးဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

“ကျွန်တော်တို့ အမြင်ရပြောရလို့ရှိရင် လက်ရှိ စစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှုနဲ့ ဒီဘက်က စစ်ရေးပြင်ဆင်မှုနဲ့ ယှဉ်လိုက်လို့ရှိရင်တော့ သူတို့ ပြောထားသလို စစ်တပ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ထိုးစစ်ဆင်နိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူးပေါ့နော်။ဒါပေမယ့် ကျွန်တော်တို့ မသိတာတွေ ဘာတွေ ရှိဦးမလဲမသိဘူးပေါ့နော်။ သူတို့က ဘယ်လိုပုံစံနဲ့ လုပ်မှာမို့လို့ ဒီလိုစကားပြောတာတော့ ကျွန်တော်လည်း မပြောတတ်ဘူးပေါ့”လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်တာ သိမ်းယူပြီးနောက် ပါတီစုံဒီမိုကရေစီအမည်ခံ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေကတော့ အတုအယောင်အဖြစ် လက်ခံထားကြတာပါ။

ဒါပေမယ့် အာဏာသိမ်း စစ်တပ်က နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြု‌ရေး အာဏာသုံးရပ်လုံးကို ရာသက်ပန် စစ်အုပ်ချုပ်ရေးယန္တရားအဖြစ် လည်ပတ်နိုင်မယ့် အရွေ့တစ်ခုကို ဦးတည်နေတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကောင်စီကနေ အာဏာသုံးရပ် လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက လုပ်ပိုင်ခွင့်အာဏာ မကုန်ဆုံးခင် အားလုံးရဲ့ အထက်မှာ ရှိမယ့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတဲ့ ဥပဒေတစ်ရပ် ဖန်းတီးခဲ့တာပါ။

တစ်ဘက်မှာ စစ်ဗိုလ်ချုပ်တွေ ပါဝင်တဲ့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီနဲ့ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်းနှုန်းကနေ ပြည်‌ထောင်စုလွှတ်တော်မှာ အဆိုပြုပြီး သမ္မတဖြစ်လာမယ့် သူက ကဏ္ဍအလိုက် တိုက်ရိုက်အမိန့်ပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနှစ်မှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ဘယ်သူက အားပျော့သွားမယ် ဘယ်သူက အားသာသွားနိုင်မလဲဆိုတာ သိသိသာသာ မြင်တွေ့ရမှာ ဖြစ်တာကြောင့် နွေဦးတော်လှန်ရေးဟာ စကားလုံးတွေနဲ့ နှစ်ပါးသွားလို့ မရတော့တဲ့ အခြေအနေလို့ ကိုနောင်ရိုးက မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.