ဒါကာ၊ ဖေဖော်ဝါရီ ၉
၂၀၂၄ ခုနှစ်မှာ လူငယ်တွေ ဦးဆောင်တဲ့ လူထုအုံကြွမှုရဲ့ လူကြိုက်များတဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ရှာရစ် အော်စမန်ဟာဒီ သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးရာမှာ ကူညီပေးရေး ဘင်္ဂလားဒေ့ချ်က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးထံ တောင်းဆိုထားပါတယ်။
အဲဒီ လူသတ်မှုကို ဘက်မလိုက်ဘဲ မျှမျှတတ စုံစမ်းစစ်ဆေးပေးရေး ဘရပ်ဆဲလ်ရှိ ဘင်္ဂလားဒေ့ချ် သံအဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးသို့ စာရေးသား တောင်းဆိုထားကြောင်း ဘင်္ဂလားဒေ့ချ် ယာယီအစိုးရက ဖေဖော်ဝါရီ ၈ ရက်မှာပြောပါတယ်။

စုံစမ်း စစ်ဆေးရာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက နည်းပညာပိုင်းနဲ့ အဖွဲ့အစည်း ဆိုင်ရာ အကူအညီတွေ ပေးဖို့ ဒါကာ အစိုးရက တောင်းဆိုထားတာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဟာဒီကို ဒါကာမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာက သေနတ်သမားတွေက လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

သေနတ် ဒဏ်ရာတွေကြောင့် ဆေးကုသမှု ခံယူဖို့ သူ့ကို စင်ကာပူသို့ ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
ဟာဒီ သေဆုံးမှုကြောင့် ဘင်္ဂလားဒေ့ချ်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ထိပ်သီး သတင်းစာတိုက် နှစ်ခုရဲ့ ရုံးခန်းတွေ အကြမ်းဖက်ခံခဲ့ရပါတယ်။
သူဟာ ဖေဖော်ဝါရီ ၁၂ ရက် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ အဖြစ် ပါဝင် ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူထု အုံကြွမှုအတွင်း အစိုးရ ဖြုတ်ချခံရပြီး ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးသွားခဲ့တာပါ။
ဟာဒီဟာ အိန္ဒိယကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ ရှိသူ ဖြစ်ပြီး ထောက်ခံသူတွေက သူ့ကို အာဇာနည် တစ်ယောက်အဖြစ် သဘောထားကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က ဟာဒီကို ဒါကာမြို့မှာ သေနတ်သမားတွေက လုပ်ကြံခဲ့တာ ဖြစ်ပြီး နောက် ၆ ရက်အကြာ စင်ကာပူရှိ ဆေးရုံ တစ်ခုမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဟာဒီဟာ ကျောင်းသား အဖွဲ့တွေနဲ့ ပိုကျယ်ပြန့်တဲ့ နိုင်ငံရေး အစုအဝေးကြား ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်းလို နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
Ref:AFP

