ဘန်ကောက်၊ ဖေဖော်ဝါရီ ၉

ထိုင်းဝန်ကြီးချုပ် အနုတင် ချာနာဗီရာကူလ်က ကနဦး မဲရေတွက်မှုအတွင်း သူ့ရဲ့ အာဏာရ ကွန်ဆာဗေးတစ်တွေဟာ ပြိုင်ဖက်တွေကို ကောင်းကောင်း အသာရထားတဲ့ အချိန်မှာ အထွေထွေ ရွေးကောက်ပွဲ အောင်ပွဲရပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ပြုပြင်ပြောင်းလဲရေး ပြည်သူ့ပါတီ အနိုင်ရနိုင်ကြောင်း သဘောထား စစ်တမ်းတွေက ဖော်ပြခဲ့ပေမယ့် ရလဒ် ပြောင်းပြန် ဖြစ်လာခဲ့ပါတယ်။

ကျွန်တော်တို့အတွက် မဲထည့်ခဲ့ကြတာပဲ ဖြစ်ဖြစ် မထည့်ခဲ့ကြတာပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ အောင်မြင်မှုဟာ ထိုင်းနိုင်ငံသား အားလုံးရဲ့ အောင်မြင်မှု ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် အနုတင်က ပြောပါတယ်။

မဲ ၉၀ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ အနုတင်ရဲ့ ဘွမ်ဂျိုင်ထိုင်းပါတီက လွှတ်တော် အမတ်နေရာ ၅၀၀ ထဲက ၁၈၄ နေရာ အနိုင်ရထားပါတယ်။

ပြည်သူ့ပါတီကတော့ အမတ်နေရာ ၁၁၆ နေရာနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ပြည်သူ့ပါတီ ခေါင်းဆောင် နာသာဖွန်က ရွေးကောက်ပွဲ အနိုင်မရကြောင်း ဝန်ခံလိုက်ပုံရပြီး အနုတင်အနေနဲ့ အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် သူ့အနေနဲ့ အတိုက်အခံအဖြစ် ရပ်တည်ဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

အနုတင် ဦးဆောင်တဲ့ ညွှန့်ပေါင်း အစိုးရအဖွဲ့ဟာ သုံးလလောက် အကြာမှာ ပြိုလဲသွားပြီးနောက် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ကြောင်း ဒီဇင်ဘာလက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဘယ်ပါတီကမှ အလုံးစုံလူများစု အမတ်နေရာ အနိုင်မရနိုင်တဲ့ အခြေအနေမှာ အနုတင် အနေနဲ့ ဝန်ကြီးချုပ်ရာထူးမှာ ဆက်ရှိနေဖို့ သေချာသလောက် ဖြစ်နေပါပြီ။

ဘွန်ဂျိုင်ထိုင်း ပါတီဟာ ၂၀၂၃ ခုနှစ် နောက်ဆုံး ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အမတ် အရေအတွက်ထက် နှစ်ဆကျော် အနိုင်ရနိုင်ခြေ ရှိနေပါတယ်။

ထိုင်း ရွေးကောက်ပွဲတွေဟာ မကြာခဏဆိုသလို ကြိုတင်မှန်ဆလို့ မရနိုင်ဖြစ်တတ်ပြီး ဒီတစ်ကြိမ်မှာလည်း အဲဒီလို ပုံစံမျိုးပဲ မြင်တွေ့နေရပါတယ်။

ဒီလို မထင်မှတ်တဲ့ ရလဒ်က ပြည်သူ့ပါတီအတွက် ကြီးမားတဲ့ စိတ်ပျက်စရာ ဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်က သူတို့ရဲ့ အနိုင်ရရေးစွမ်းဆောင်ရည်ပိုကောင်းလာစေဖို့ မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ လက်တွေ့ဆန်တဲ့ လူငယ် ကိုယ်စားလှယ်လောင်းတွေအတွက်လိမ္မော်ရောင်လှိုင်း ထောက်ခံမှုက လက်တွေ့ ဖြစ်မလာခဲ့ပါဘူး။

Move Forward ပါတီ နာမည်နဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ချိန်က ၂၀၂၃ ရွေးကောက်ပွဲ အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့ဖို့ ကြိုးပမ်းမှုကို ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော်က တားမြစ်ခဲ့တာကြောင့် လက်ရှိ ဝန်ကြီးချုပ် အနုတင် ဦးဆောင်တဲ့ အစိုးရ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ အဲဒီ ပြုပြင်ပြောင်းလဲရေးသမားတွေဟာ အတိုက်အခံအနေနဲ့ပဲ ဆက်လက်ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။

သူတို့ ထပ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ပြဿနာ ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် အခုတော့ အဲဒီ ပြဿနာကို ရှောင်းလွှဲပြီးသား ဖြစ်ဖွယ်ရှိပါတယ်။

ထိုင်းမှာ သဘောထားစစ်တမ်းတွေဟာ မကြာခဏဆိုသလို မှားယွင်းလေ့ရှိပေမယ့် အခုအချိန်မှာ အနုတင်ရဲ့ ပါတီငယ်လေး ဘွမ်ဂျိုင်ထိုင်းက ဘယ်လိုမျိုး အစိုးရဖွဲ့ပြီး နိုင်ငံကို ဦးဆောင်သွားမလဲဆိုတဲ့ ရွေးကောက်ပွဲအလွန် လေ့လာ သုံးသပ်မှုတွေမြင်တွေ့လာရတော့ မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကမ္ဘောဒီးယားနဲ့ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အနုတင်ရဲ့ ပါတီဟာ အမျိုးသားရေး ဝါဒလှိုင်းကို လိုက်ပါစီးနင်းပြီး အခုလို ရွေးကောက်ပွဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရွေးကောက်ပွဲမှာ နိုင်ငံရေး ဟဲဗီးဝတ် ရှင်နာဝါထရာ မိသားစုရဲ့ ဖျူထိုင်းပါတီကတော့ အမတ်နေရာ ၈၆ နေရာလောက်နဲ့ တတိယနေရာမှာ ရှိနေနိုင်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.